Subscribe to our RSS Feed

စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ပြည်တွင်းထုတ် ဓါတ်ဆီဈေးနှုန်းကို တစ်ဂါလန် ကျပ် ၃၀၀၀ ဖြင့် စတင် ဖြန့်ဖြူး


ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ ပြည်တွင်းထုတ် ဓါတ်ဆီဈေးနှုန်းကို တစ်ဂါလန်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ပြောင်းလဲပြင်ဆင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် တစ်ဂါလန်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချနေသော ဓါတ်ဆီဈေးနှုန်းများကို အစိုးရမှ အရှုံးခံရောင်းချပေးတော့မည် မဟုတ်ဘဲ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးဖြင့် ပြောင်းလဲပြင်ဆင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက စက်ဆုံးဆီဆိုင်များမှ အများပြည်သူသို့ ပြန်လည်ရောင်းချသင့်သည့် ဓါတ်ဆီတစ်ဂါလန် ခန့်မှန်းဈေးနှုန်းကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားထားပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဓါတ်ဆီတစ်ဂါလန်လျှင် ကျပ် ၃၃၅၀ ကျပ်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေက တစ်ဂါလန်ကို ကျပ် ၃၃၅၀ နှုန်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေက တစ်ဂါလန်ကို ကျပ် ၃၅၀၀ နှုန်း၊ ပျော်ဘွယ်(နေပြည်တော်) မှာရှိတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေက တစ်ဂါလန်ကို ကျပ် ၃၆၀၀ နှုန်း စသည်ဖြင့် ရောင်းချရမယ့်ဈေးနှုန်းကို ခန့်မှန်းတွက်ချက် ပေးထားတာ ရှိပါတယ်။ ခန့်မှန်းတွက်ချက်ရာမှာလည်း စွမ်းအင်ဝန်ကြီးဌာနကို ပေးဆောင်ရမယ့် သယ်ယူပို့ဆောင်ခ၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ အထွေထွေကုန်ကျစရိတ် စတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ဆီဆိုင်တွေကနေ ပြန်လည်ရောင်းချရမယ့် ဈေးနှုန်းတွေက တစ်မြို့နဲ့ တစ်မြို့ ကွာခြားသွားတာ ဖြစ်ပါတယ်။ ရောင်းဈေးနှုန်းရဲ့ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးဆောင်ရမှာဖြစ်ပြီး ဆီဆိုင်တွေကို တစ်ဂါလန် ဝယ်ယူမှု ကုန်ကျစရိတ်ရဲ့ ၅ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၅၀ ကို အမြတ်အဖြစ် သတ်မှတ်ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်