Subscribe to our RSS Feed

နော်ဝေတက္ကသိုလ် တစ်ခုနှင့် မြန်မာတက္ကသိုလ် ခုနစ်ခု ဆွေးနွေးမှုပြုလုပ်


From : 7 Day News Journal

မြန်မာနိုင်ငံရှိ တက္ကသိုလ်ခုနစ်ခုမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများအတွက် နော်ဝေနိုင်ငံရှိ အော်စလို တက္ကသိုလ် (University of Oslo) နှင့် သုတေသန ပြုလုပ်ခြင်း၊ ဟောပြောပွဲများ၊ ပညာသင် စေလွှတ်ခြင်းများဆိုင်ရာ ဆွေးနွေးမှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်နှစ်ခုနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ လက်ရှိတွင် ကျန်တက္ကသိုလ်များ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကြားခံ ဆောင်ရွက်ပေးသည့် မင်္ဂလာမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စတင်ပြုလုပ်မည့် အချိန်တွင် တက္ကသိုလ်များ ပညာရေး အဆင့်မြှင့်တင် ပေးနိုင်ရန် အဆိုပါ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ အတွက် အဓိက ရည်ရွယ်၍ အရည်အသွေးမြင့် ဆရာ၊ ဆရာမများက ပြန်လည် သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားပြီး ပြည်ပ ပညာသင် စေလွှတ်ခြင်းများအပြင် ပြည်တွင်းတွင်လည်း သင်တန်းများပေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။

“ဘာသာရပ်ကတော့ အခုလောလောဆယ် ၆ ခုလောက် သတ်မှတ်ထားတယ်။ အခုစလုပ်တဲ့ အချိန်မှာတော့ ပြည်ပကို လူနည်းနည်း ပညာသင် လွှတ်တာအပြင် ပြည်တွင်းမှာ လူများများ သင်နိုင်အောင် Universityof Oslo ကနေ ပညာရှင်တွေ ဖိတ်ပြီး သင်ကြားပေးဖို့ ရှိတယ်။ အဲဒီကျောင်းတွေကအပြင် တခြားစိတ်ဝင်စားတဲ့ သူတွေလည်း လျှောက်ထားလို့ရတယ်။ အဓိကကတော့ ဘယ်သူပဲဖြစ်ဖြစ် တက်ပြီးရင်တော့ ပြန်လည် သင်ကြားပေးမယ့် သူတွေပဲ ဖြစ်ရမယ်ဆိုတဲ့ အချက်နဲ့ ရွေးချယ်သွားမှာပါ” ဟု ဒေါက်တာဖုန်းဝင်းက ဆက်လက်ပြောသည်။

Public Policy, Economic, Environment Science, Law, Teacher Education စသည့် ဘာသာရပ်များအား ဖွင့်လှစ် သင်ကြားပေးနိုင်ရန် ဆွေးနွေးလျက် ရှိသည်။ ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်-၁၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်၊ ပညာရေး တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် သုတေသန ပြုလုပ်ခြင်းများ၊ ဟောပြောပွဲများ ပြုလုပ်ရာတွင် University of Oslo မှ ပညာရှင်များက လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်းများ၊ ပြည်တွင်းရှိ အဆိုပါ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအပြင် စိတ်ဝင်စားသူများအတွက် ဘာသာရပ်များကို လာရောက် သင်ယူခြင်းများ၊ ထူးချွန်ကျောင်းသားများအား ရွေးချယ်ပြီး University of Oslo တွင် သွားရောက် ပညာသင်ခွင့်များ ပါဝင်ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်