From : ခေတ်လူငယ်
ငြိမ်းချမ်းရေးရရှိလာသည်နှင့် နယ်စပ်ဒေသများတွင် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova ဦးဆာင်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆွေတော်ဦးဆောင်သော အဖွဲ့ကို မိမိနှင့်အဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အဆွေတော် ရောက်ရှိစဉ် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အထိုက်အလျောက် လေ့လာခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ယူနက်စကိုနှင့် ၁၉၄၅ ခုနှစ်ကတည်းက ဆက်ဆံမှုရှိခဲ့ပြီး ယူနက်စကို အမျိုးသားကော်မရှင် ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ၁၉၄၅ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သည့် ယူနက်စကိုသည် မြန်မာနိုင်ငံနှင့် နှစ်ရှည်လများ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားသည်။ နိုင်ငံတော် သမ္မတက ပြန်လည်ဆွေးနွေး ပြောကြားရာတွင် ယူနက်စကို၏ အဓိကတာဝန် ဖြစ်သည့် ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများမှာ မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေသော ကဏ္ဍများ ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ နိုင်ငံသားအားလုံး စာတတ်မြောက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရပ်များနှင့် သိပ္ပံပညာရပ်များသည် မိမိတို့နိုင်ငံတွင် အဓိကလိုအပ်သော ပညာရပ်များ ဖြစ်ပါကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်တွင် နိုင်ငံရေးစနစ် မတူညီ၍ ကုလသမဂ္ဂ၊ ယူနက်စကိုနှင့် နိုင်ငံတကာမှ အကူအညီရရှိမှု နည်းပါးခဲ့ပြီး ပုံမှန်ပေးရမည့် Country Programme များမှာလည်း မရရှိသလောက် နည်းပါးခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုရှိပြီး သဘောတူညီချက်အချို့ ရရှိထားပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် ယင်းအဖွဲ့များမှာ နယ်စပ်ဒေသတွင်ရှိနေကြရာ ငြိမ်းချမ်းရေး ရရှိလာသည်နှင့် နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အားကိုလည်း ရယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ယူနက်စကိုအဖွဲ့သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်စဉ်တွင် မိမိတို့နိုင်ငံကို များစွာအကူအညီပေးခဲ့ပြီး သဘာဝဘေးဒဏ် လျော့ပေါ့ရေးသင်တန်း အထောက်အပံ့များ ပေးခဲ့သဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်