From : ခေတ်လူငယ်
၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်) နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ အဆိုပါ ပြဋ္ဌာန်းချက်တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကို ပို၍ ကောင်းမွန်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေမည့် ပြည်ပစီးပွား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဟု ခေါ်တွင်စေရမည်။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည်။ နိုင်ငံတော်ဆိုသည်မှာ- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။ နိုင်ငံခြားငွေ ဆိုရာတွင် နိုင်ငံခြားငွေသားဖြစ်သော ဒင်္ဂါးများ၊ ငွေစက္ကူများ၊ စာတိုက်ငွေလွှဲလွှာများ၊ ချက်လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ ခရီးသွားချက်လက်မှတ်များ၊ ငွေလွှဲစာတမ်းများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ ပါဝင်သည်။ နိုင်ငံခြားသုံးငွေဟူသော စကားရပ်တွင် (၁) နိုင်ငံခြားငွေ ငွေသား၊ (၂) နိုင်ငံခြားငွေ ငွေသားဖြင့် ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့် စာချုပ်စာတမ်းများ၊ (၃) နိုင်ငံတကာ အစိုးရငွေရေးကြေးရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားရှိ ဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင် ထားရှိသော အပ်ငွေများ၊ (၄) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ၊ (၅) နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ ငွေရေးကြေးရေး အဖွဲ့အစည်းများက ထုတ်ဝေထားသည့် သို့မဟုတ် အာမခံထားသည့် နိုင်ငံခြားငွေဖြင့် သတ်မှတ်ထားသော ငွေချေးသက်သေခံ လက်မှတ်များနှင့် စာချုပ်စာတမ်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။ ပြဋ္ဌာန်းချက်အပြည်အစုံအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်