အာဆီယံနိုင်ငံများသို့ နှစ်စဉ် ထောက်ပံ့ ကူညီပေးလျက်ရှိသော ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ၏ ကဏ္ဍကြီး သုံးခုအတွက် ကန်ဒေါ်လာ ကိုးသန်းနီးပါး (ငွေကျပ် သန်းပေါင်း ၇၀၀၀ ကျော်ခန့်) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပမာဏမှာ အာဆီယံနိုင်ငံများအတွင်း ထောက်ပံ့ပေးခဲ့သည့် ပမာဏထက် ပိုမိုများပြားကာ မြန်မာနိုင်ငံ အတွက်လည်း အများပြားဆုံး ပမာဏ ဖြစ်သည်။ “မြန်မာလက်ရှိ အခြေအနေက နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ပိုပြီးပွင့်လင်းလာတဲ့ အခြေအနေဖြစ်လာပြီဖြစ်လို့ အခုလို ပမာဏများများ ထောက်ပံ့ပေးတာလို့ ထင်ပါတယ်” ဟု နီပွန်ဖောင်ဒေးရှင်း အကြံပေး ဒေါက်တာ တင်ညွန့်က ပြောသည်။ အဆိုပါ ထောက်ပံ့ကြေးငွေဖြင့် မြန်မာနိုင်ငံ၏ အဓိကကဏ္ဍကြီးများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ကဏ္ဍများအတွက် အသုံးပြုသွားမည်ဖြစ်ကာ ယင်းကဏ္ဍများနှင့် သက်ဆိုင်သော စီမံကိန်း စုစုပေါင်း ၂၀ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ “အဓိက အနေနဲ့တော့ တိုင်းရင်းသား ဒေသတွေမှာ စီမံကိန်းတွေ ဆောင်ရွက်သွားပေးမှာပါ။ နှစ်စဉ်နှစ်တိုင်းလဲ ထောက်ပံ့ ကူညီပေးပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာ မာဆုအိုကာက ပြောသည်။ အဆိုပါ စီမံကိန်း ၂၀ တွင် ရှမ်း၊ ရခိုင်၊ ကချင်နှင့် အခြားသော ဝေးလံခေါင်သီ ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် ယင်းဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် ရှမ်းပြည်နယ် အတွင်းတွင် ကျောင်းပေါင်း ၁၉၀ ခန့် ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ နိုင်ငံတစ်ဝန်း ဝေးလံသော ကျေးလက်ဒေသ ၇၀၀၀ ခန့်တွင် တိုင်းရင်းဆေး သေတ္တာများ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ နီပွန်ဖောင်ဒေးရှင်းကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် အာဆီယံနိုင်ငံများသို့ ထောက်ပံ့ပေးလျက်ရှိကာ မြန်မာနိုင်ငံအား ၁၉၇၆ ခုနှစ်မှ စတင်၍ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်