Subscribe to our RSS Feed

မီဒီယာပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားရေးပုံရိပ်

From : ဦးရဲထွဋ်

အောက်တိုဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်အား ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ ဦးကိုကိုအောင် က တွေ့ဆုံမေးမြန်းမှု

မေး                            ။     ။       ၀န်ကြီးခင်ဗျား ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နဲ့အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်။ အရင်ဆုံး မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကြိုးပမ်းနေတဲ့အချိန်မှာ သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဘယ်အတိုင်းအတာအထိ ပေးမယ်ဆိုတာမျိုး ၀န်ကြီးတို့ စဉ်းစားထားသလဲဆိုတာ သိချင်ပါတယ်။



ဖြေ                             ။     ။     သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပုံနှိပ် အပိုင်း ရော၊ရုပ်သံလွှင့် အပိုင်းရော၊ social website တွေကို ကျွန်တော်တို့ တတ်နိုင်သမျှ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့အညီဖြစ်အောင် လွတ်လပ်ခွင့်ပေးဖို့ ဆောင်ရွက်နေပါတယ်။ အခုလည်း တော်တော်လေး ခရီးရောက်လာပါပြီလို့ သိသိသာသာ ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။



မေး                            ။     ။     မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ဒီမိုကရေစီစနစ်ကို တရားဝင် ကြေညာထားက စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုပြီး ပြောပါတယ်။ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုတာကို ကိုယ်တိုင်က အခက်အခဲရှိတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ကော သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဘယ်အတိုင်းအတာအထိ ဘယ်လိုပေးမယ်ဆိုတဲ့ တိကျတဲ့သတ်မှတ်ချက်မျိုး ရှိပါသလားခင်ဗျာ။



ဖြေ                             ။     ။     စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ အခက်အခဲဆိုတာကတော့ ကျွန်တော်မထင်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ သဘာဝဟာ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်( decision making process ) မှာ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ ဆိုတဲ့ အချက်ရယ်၊ အများ သဘော တူညီချက် ရှိဖို့ရယ်၊ တစ်ဦးနဲ့တစ်ဦး တန်းတူညီမျှရှိဖို့ရယ် အဓိကပဲဖြစ်ပါတယ်။ အဲဒီလို အချက်သုံးချက်နဲ့ပြည့်စုံတယ်ဆိုရင် စံချိန် စံညွှန်းတော့ ကွာမှာပေါ့ ဒါပေမယ့် ဒီမိုကရေစီပဲလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စာအုပ် စာတမ်းတွေမှာလည်း ဒီအတိုင်းပဲ တွေ့ရတာပါပဲ။ နာမည်တွေကတော့ အမျိုးမျိုး ပြောကြတာ ရှိတာပေါ့။ ကျွန်တော်တို့နိုင်ငံအတွက်ကတော့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုတာ အကောင်းဆုံး အသင့်တော်ဆုံး အစီအစဉ် တစ်ရပ်လို့ လောလောဆယ် ကျွန်တော်တို့ ဒီအတိုင်းပဲ မြင်ရပါတယ်။

မေး                            ။     ။     ဟုတ်ကဲ့။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့လိုက်လျောညီထွေမယ့် သတင်း မီဒီယာလွတ်လပ်ခွင့်မျိုးလား ဒါမှမဟုတ်လို့ရှိရင် လောလောဆယ် ကမ္ဘာမှာ လက်ခံကျင့်သုံးနေတဲ့ စံချိန်စံနှုန်းတွေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်မျိုး ရောက်ဖို့ မျှော်မှန်းပါသလား  ခင်ဗျ။



ဖြေ                             ။     ။     ကျွန်တော်တို့က ဖြစ်နိုင်သမျှ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့မီတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အထိ ရောက်အောင်သွားမှာ ဖြစ်ပါတယ်။ အဲလိုသွားတဲ့နေရာမှာ ကျွန်တော်တို့ နေ့ချင်း ညချင်း ရောက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အချိန်ယူ ဖို့လိုပါတယ်။ အချိန်က တော်တော်လေး လိုအပ်ပါတယ်။ အုပ်ချုပ်မှုအပိုင်းမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေကော ကျန်တဲ့ တိုင်းသူပြည်သားတွေကော ၊ နိုင်ငံ့ ၀န်ထမ်းအဖွဲ့အစည်း အသီးသီးကော က ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံက တော်တော်လေး နည်းခဲ့ကြပါတယ်။ ကျွန်တော်တို့ပင်လျှင် ပါလီမန် ဒီမိုကရေစီစနစ် ၁၄ နှစ်တိုင်တိုင် ကလေးဘ၀တုန်းကပေါ့လေ နေခဲ့ရတာလေး တွေကို မှန်းဆပြီးတော့ ဒီဟာလေးနဲ့ ကျွန်တော်တို့က ကိုယ်လေ့လာ ဖတ်ရှု မှတ်သားထားလို့ရတဲ့ စာပေဆိုင်ရာ အတွေ့အကြုံလေးတွေနဲ့ နိုင်ငံတကာ အတွေ့အကြုံလေးတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့လုပ်နေရတာ ဖြစ်ပါ တယ်။  ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ချက်ချင်းလက်ငင်းကြီး လုံးဝ လွတ်လပ်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရင့်သန်နေတဲ့ နိုင်ငံမျိုးအဆင့်ကို မျှော်မှန်းလို့ မရနိုင်သေးပါဘူး။ ဒါ့ကြောင့် တစ်ဖြည်းဖြည်းချင်းပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီမိုကရေစီတစ်ရပ်ကို အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းတိုင်ကတော့ နိုင်ငံတကာ စံချိန် စံညွှန်းမီအောင် သွားရမှာဖြစ်ပါတယ်။



မေး                            ။     ။       မြန်မာနိုင်ငံအစိုးရအနေနဲ့ သတင်းမီဒီယာပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေ တဲ့ နေရာမှာ အခုမှ မီဒီယာဥပဒေကို ရေးဆွဲတုန်း အခြေအနေဆိုတော့ အဲဒီ့ သတင်းမီဒီယာ ဥပဒေကရော  ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အဆင့်ကို ရောက်ပြီလဲ ခင်ဗျ။



ဖြေ                             ။     ။       မီဒီယာပြုပြင်ပြောင်းလဲရေး ကတော့ တကယ်တမ်းပြောရရင် အခုအချိန် စီမံချက်တွေလုပ်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်။ မီဒီယာဥပဒေနဲ့ ပတ်သက် တဲ့အပိုင်းလည်း အားလုံးသိပြီးသားဖြစ်မှာပါ တစ်ခါတုန်းက ကျွန်တော်တို့ ရေးဆွဲခဲ့တာရှိပါတယ်။ သို့ရာတွင် အများနှစ်သက်တဲ့ ၊ သဘာဝ သိပ်ပြီး ခံစားလို့ မရသေးတဲ့အတွက် အများကနေပြီးတော့မှ တကယ့်ပါဝင် ဆောင်ရွက် သွားမယ့် ပုဂ္ဂိုလ်တွေကနေ ပြီးတော့ ကိုယ်တိုင်ရေးဆွဲမယ့် အစီအစဉ်ကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါတယ်။ အဲဒါကတော့ ဂျာနယ်လစ်တွေကိုယ်တိုင် ရွေးချယ်တင်မြှောက်တဲ့ စာနယ်ဇင်းကောင်စီ ကနေမှ အစပြုပြီးတော့ zero draft လုပ်မယ်။ ပြီးသွားရင် ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ first draft ဖြစ်အောင် လုပ်မယ်။  first draft ပြီးသွားလို့ရှိရင် ကျွန်တော့်စိတ်ထဲမှာတော့ မှန်းထားတာ ပေါ့လေ ဇန်န၀ါရီ ဖေဖော်ဝါရီလောက်ကြရင် ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲ ကြီး တစ်ခု ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ နိုင်ငံတကာအဆင့်မီတဲ့ စံချိန် စံနှုန်းတွေနဲ့ အညီဖြစ်အောင် လုပ်မယ်။ အများအားလုံးလည်းသိအောင် ပြည်တွင်းက ပုဂ္ဂိုလ်တွေလည်း အကုန်လုံးပါဝင်အောင်ပေါ့ ။ ဆွေးနွေးပြီးတော့မှ  အဲဒီက ထွက်လာမယ့် ရလဒ်တွေအပေါ်မှာ မူတည်ပြီးတော့ second draft ကို ပြုစုမယ်။ second draft ပြုစုတဲ့အခါမှာတော့ စာနယ်ဇင်းကောင်စီ ကော၊ ဂျာနယ်လစ်တွေကော လက်လှမ်းမှီသလောက် အကုန်လုံးနဲ့ပေါင်းပြီးတော့ ပြုစုမှာပါ။ အဲလိုပြုစုပြီးတော့ သက်ဆိုင်ရာကို ဆက်လက်တင်ပြသွားမယ့် အနေအထားပေါ့။



မေး                            ။     ။       အခုဝန်ကြီးပြောပြတာတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေတဲ့ အပိုင်းပေါ့ ။ တကယ်တမ်း သတင်းမီဒီယာလွတ်လပ်ပွင့်လင်းဖို့မှာ တခြားဝန်ကြီး ဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတယ်မလား ။သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ spoke person ထားပေးတာ ပြောခွင့်ရပုဂ္ဂိုလ်ထားတာတို့ အခုလည်း ပြန်ကြားရေးဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတာ တွေ့ပါတယ်။ သို့သော် တကယ်တမ်း ဆက်သွယ်တဲ့အခါမှာ အဆင်မပြေတာတို့ ဒါတွေရှိပါ တယ်။ အထူးသဖြင့် တပ်မတော်နဲ့ပတ်သက်ပြီးတော့ မေးချင်တယ်ဆိုလို့ရှိရင် ဘယ်လိုမှ မေးလို့မရနိုင်သေးတဲ့ အခြေအနေက အခုအထိရှိတုန်းပဲ ။ အဲဒီ့ အခြေအနေတွေက ပြောင်းလဲသွားဖို့ ၀န်ကြီးတို့က လုပ်ပေးနိုင်ပါသလားခင်ဗျ။



ဖြေ                             ။     ။       ကျွန်တော်တို့လည်း တိုက်တွန်းနေပါတယ်။ မနေ့ကပဲ သမ္မတကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးဌာနတွေအားလုံးကို မှာကြား ထားတယ်ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာရှိပါတယ်။ လူတွေက များသောအားဖြင့် ခုနက ကျွန်တော်တို့ပြောတဲ့ သဘောပေါ့လေ။ အတွေ့ အကြုံက မရှိကြဘူး။ မရှိကြတဲ့အခါကြတော့ ဒီကိစ္စအပေါ်မူတည်ပြီး စိုးရိမ်နေ တာတွေ နောက်တစ်ခုကလည်း တစ်ခု တစ်ခု ပြောရတော့မယ်ဆိုရင် ဘာပဲပြော ပြောပေါ့ စိန်ခေါ်မှု တစ်စုံတစ်ခုကိုတော့ ရင်ဆိုင်ကြရတာမျိုးဆိုတော့ ဒါမျိုးလေး တွေကို ရှောင်လွှဲလိုတဲ့သဘောနဲ့ တွေ့ဆုံမှုအပိုင်းမှာ အားနည်းတာ ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ မကြာခင်မှာ ပိုမိုပြီးတော့ ပွင့်လင်း လာမယ့် အနေအထား ရောက်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါ တယ်။



မေး                            ။     ။       ဟုတ်ကဲ့။ နောက်တစ်ခုက ဒီဝန်ကြီးဌာနတစ်ခုထဲ အနေနဲ့ပဲ ပြောရမယ်ဆိုလို့ ရှိရင် ပြည်ပမီဒီယာတွေက အခုဆိုလို့ရှိရင် အတိုင်းအတာ တစ်ခုအထိ ဒီမှာ လာပြီး အလုပ်လုပ်လို့ရတယ်။ ကျွန်တော်တို့လည်းပဲ လာပြီးတော့ ခွင့်ပြုချက်နဲ့ သတင်းယူလို့ ရပါတယ်။ အဲဒီ့တော့ ပြည်ပမီဒီယာတွေ ပိုပြီးတော့ ဒီထက် လုပ်လို့ရအောင်လို့ကြတော့ကော အားလုံးပြီးစီးသွားတဲ့ စောစောကလို ဥပဒေ တွေ ရေးဆွဲပြီးသွားမှဆိုတဲ့ အခြေအနေမျိုးကြမှ လာမှာလား။ ဥပမာ ရင်းနှီး မြုပ်နှံမှုဆိုလို့ရှိရင် မပြီးသေးခင်က လာပါလို့ဖိတ်ခေါ်တယ်။ မီဒီယာတွေ မှာတော့ လောလောဆယ်အထိက တစ်စုံတစ်ရာ အတိုင်းအတာ အကန့်  အသတ် ရှိနေတော့ အဲဒါကို ဘယ်လိုစဉ်းစားမှာလဲ။



ဖြေ                             ။     ။       ကျွန်တော်တို့အနေနဲ့ မီဒီယာဥပဒေ ပြီးတဲ့အချိန်အထိတော့ ကျွန်တော်တို့ စောင့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီကြားထဲမှာလည်းပဲ ဗီဇာ နဲ့ ၀င်ချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးလည်း ခွင့်ပြုပေးနေတာပါ။ ကျွန်တော်တို့ အနေအထားအရ မထောက်ခံပဲနဲ့ ထားလိုက်တဲ့ပုဂ္ဂိုလ်ကို မရှိတော့ပါဘူး။ အကုန်လုံးလာသမျှ ကျွန်တော်တို့ ထောက်ခံပေးနေတာပါ။ ဒါကြောင့်မလို့ လွတ်လွတ်လပ်လပ် လာနိုင်တဲ့အနေအထား ရှိပါတယ်။



မေး                            ။     ။       အဲဒီလိုမျိုး သတင်းလာယူတဲ့အခါမှာရော မြန်မာနိုင်ငံအနေနဲ့ အရင်တုန်းကလို မျိုး  စိုးရိမ်ချက်တွေရှိသေးလားခင်ဗျ။



ဖြေ                             ။     ။       သတင်းလာယူတာ ကျွန်တော်တို့ စိုးရိမ်စရာမလိုတော့ပါဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အဓိကကျတဲ့ တာဝန် တစ်ခုက ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ အမျိုးသားရေးလက္ခဏာပေါ့ အမျိုးသားပုံရိပ် ကို မြှင့်တင်ပေးဖို့တာဝန်က အဓိက အရေးကြီးပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အမျိုးသားပုံရိပ် ကို မြှင့်တင်တယ်ဆိုတဲ့ နေရာမှာ အဲဒီ့နိုင်ငံတွင်း မှာရှိနေတဲ့ နိုင်ငံသားတွေကနေပြီးတော့မှ ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သိနေရုံနဲ့မရဘူး ဘယ်သူတွေက အသိအမှတ်ပြုတာ ဖြစ်ရမှာလဲ ဆိုလို့ရှိရင် အခြား နိုင်ငံမှာရှိနေတဲ့ ပြည်သူတွေအားလုံးကပါ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ်မှာ ခြုံငုံပြီးအကောင်းမြင်၊ အသိအမှတ်ပြုရမှာ  ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဖြစ်အောင် လုပ်ပေးနိုင်တာက ပြည်ပကသတင်းဌာနတွေပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့က အမြဲတမ်းဖိတ်ခေါ်နေတာဖြစ်ပါတယ်။



မေး                            ။     ။       နောက်တစ်ခုက အခုဝန်ကြီးကိုယ်တိုင် တာဝန်ယူခဲ့တဲ့အပိုင်းကိုကြည့်မယ်ဆိုလို့ ရှိရင် မြန်မာနိုင်ငံရဲ့ ခက်ခဲတဲ့အပိုင်းတွေမှာ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ ပြဿနာရှိတယ်၊ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ ရှိတယ်ဆိုတာကို ပပျောက်အောင်လုပ်ဖို့နေရာမျိုးမှာ တာဝန်ပေးခံရတာမျိုး ရှိတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို ကိုယ်စားပြု ပြီးတော့ဆွေးနွေးတဲ့ နေရာတွေမှာ တာဝန်ပေးခံရတာရှိတယ်။ အခု ပြန်ကြားရေး ၀န်ကြီးဌာနမှာလည်း အရင်တုန်းက သွားနေတဲ့ ပုံစံကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ အချိန်မှာ ၀န်ကြီး ရောက်လာတယ်ဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ကော ၀န်ကြီးရဲ့ အမြင်က ဘယ်လိုရှိလဲ ခင်ဗျ။  ဘယ်လို ပုံစံမျိုးနဲ့ ဘယ်လိုဆက်သွားမလဲ။



ဖြေ                             ။     ။       ကျွန်တော်တို့ သွားချင်တာကတော့  အခုလည်းပဲ plan of action ပေါ့လေ ရေးဆွဲထားပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့က နိုင်ငံပိုင်မီဒီယာ ကနေပြီး တော့ public service media အဖြစ်ကို ပြောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် မနေ့က တစ်နေ့ကတောင်မှ ကျွန်တော်တို့ သတင်းစာထဲမှာ အုပ်ချုပ်ရေးအဖွဲ့governing body ဖွဲ့စည်းတာ တွေ့ပါလိမ့်မယ်။ ပုံနှိပ်မီဒီယာ နဲ့ ပတ်သက်တဲ့အပိုင်းမှာ။ ဒီ အုပ်ချုပ်ရေးအဖွဲ့ က နိုင်ငံပိုင် သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု သတင်းစာ ဖြစ်အောင် စနစ်တကျ ပြောင်းလဲသွားနိုင်ဖို့အတွက် ဦးဆောင်မှုတွေ ပေးသွားပါလိမ့်မယ်။ အဲဒီလိုပဲ ရုပ်သံလွှင့်မှု နဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်း ရေဒီယိုရော တီဗီရောကို အချိန်တစ်ခု အတိုင်းအတာတော့ ယူရပါဦးမယ်။ ခုနက ပုံနှိပ်မီဒီယာ လောက်တော့ မလွယ်ဘူး။ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက လည်း များတဲ့အတွက် ဒါကြောင့်ကျွန်တော်တို့က အချိန်တစ်ခုယူပြီးတော့မှ တစ်နှစ်လောက် တစ်နှစ်ခွဲ လောက်ကြာချင် ကြာပါလိမ့်မယ် ကာလအတွင်းမှာ ဒါကိုလည်း ကျွန်တော်တို့ အများပြည်သူဝန်ဆောင်မှုမီဒီယာ အဖြစ်ပြောင်းသွားဖို့ ရည်ရွယ်ထား ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲ လွှတ်တော်မှ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကို  တင်ပြ ညှိနှိုင်းထား ပြီး လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းကို ကျွန်တော်တို့သွားဖို့ အတွက်တော့ အဆင်သင့်ဖြစ်နေပါပြီ။ လိုအပ်တဲ့အချိန်နဲ့ ကျွမ်းကျင်မှုနဲ့ ခုဏက ပြောသလို ကျွန်တော်တို့မှာ မရှိသေးတဲ့ အတွေ့အကြုံတွေကို ရှာဖွေလေ့လာ သင်ယူနေရတဲ့အတွက် ကျွန်တော်တို့အချိန်လေးတွေ နည်းနည်းလိုအပ်နေတာ ဖြစ်ပါတယ်။



မေး                            ။     ။     ဟုတ်ကဲ့ အခုဆိုလို့ရှိရင် နိုင်ငံပိုင်မီဒီယာ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံပိုင်မီဒီယာကိုအများပြည်သူဝန်ဆောင်မှု  ဖြစ်အောင် လူထုကို အခြေခံတဲ့ မီဒီယာ ၊ လူထုကို အကျိုးပြုတဲ့မီဒီယာဖြစ်အောင်လုပ်တယ်ဆိုတော့ ဥပမာ မြန်မာ့အလင်း လို သတင်းစာမျိုးကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားတာ ကျွန်တော်တို့ တွေ့ပါတယ်။ အရင်တုန်းက သတင်းစာမှာ ရေးတဲ့ ပုံစံထက်၊ သတင်းတွေထက် ပိုပြီးတော့ ထည့်နိုင်အောင် ကြိုးစားလာတယ်။  ရောင်စုံလေးဖြစ်အောင် ကြိုးစားလာတယ်။ သို့သော် သတင်းရဲ့ အနှစ်သာရဟာ တူတူပဲ ဆိုပြီးတော့ ပြောကြပါတယ်။ တစ်ကယ်တွေ့တဲ့ အခါမှာလည်း လက်တွေ့ဟာ အဲဒီပုံစံပဲ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမျိုးကို တစ်ခြားအပိုင်းတွေမှာ ပြုပြင်ပြောင်းလဲတာ မြန်ဆန်သလို ဒီနေရာမှာ မြန်မြန်ဆန်ဆန် ပြုပြင် မပြောင်းလဲနိုင်တာဟာ စောစောကလို ကျွမ်းကျင်မှု အခက်အခဲလား၊ resource အခက်အခဲလား၊ ငွေရေးကြေးရေး အခက်အခဲလား၊ ဒါမှ မဟုတ်လို့ရှိတယ် တစ်ကယ်က မူဝါဒရဲ့ အခက်အခဲလား ခင်ဗျ။



ဖြေ                             ။    ။     မူဝါဒပိုင်းဆိုင်ရာ အကန့်အသတ်ကတော့ လုံးဝမရှိပါဘူး။ ဒါပေမယ့်လည်းပဲ ကျွန်တော်တို့က အခုပြောင်းလဲနေတယ်ဆိုတဲ့  ဥစ္စာက နဂိုတုန်းက ပြောင်းလဲ တယ် ဆိုတာလေးက နည်းနည်း.. နည်းနည်း ကြိုးစားကြည့် လိုက်တာတွေပါ။ တစ်ကယ်တန်း ပြောင်းလဲမှုက ၁၈ ရက်နေ့ကမှ စတင် ဖြစ်ပါတယ်။ ၁၈ ရက်နေ့ ကနေ စတင်တဲ့ အခါမှာလည်းပဲ အချိန်ကို ကျွန်တော်တို့က ဘယ်လောက် ယူထားလည်း ဆိုတော့ ဒီ ပုံနှိပ်မီဒီယာ တွေနဲ့  ပတ်သက်လို့ ၆ လလောက် ယူထားပါတယ်။ တစ်ကယ့် အယ်ဒီတာမူဝါဒလည်း လွတ်လပ်အောင် ဖြစ်အောင်ဘဏ္ဍာရေး လည်း  လွတ်လွတ်လပ်လပ် ဖြစ်ရအောင်ပေါ့လေ... နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့ လည်း ညီရအောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်။ တစ်ကယ်တမ်း ပြောင်းလဲမှုတွေ ကတော့ လာမယ့် ကာလတွေမှာ တွေ့ရပါလိမ့်မယ်။



မေး                            ။    ။       ဟုတ်ကဲ့၊ အခုလို Print Media ပိုင်း ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကတော့ အတွေ့အကြုံကလည်း များတယ်လေ။ မြန်မာနိုင်ငံအနေနဲ့။  ဒါပေမယ့် ဒီ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့လို အပိုင်းမှာကျတော့ အရင် ကတည်းက အစိုးရ သက်သက်သာ လုပ်ခဲ့တဲ့ အခါကျတော့ အဲဒီလို အပိုင်းတွေမှာ ကျတော့ ဒီပုဂ္ဂလိက အပိုင်းကို မြန်မာနိုင်ငံသားတွေပဲ တော်တော်များများ အခုလည်း လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ကြီးကြီး ကျယ်ကျယ် ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံနိုင်အောင်လို့အထိ စဉ်းစားပါသလား ခင်ဗျ။



ဖြေ                             ။     ။       ကျွန်တော်တို့အနေနဲ့ ဒီ အခုရုပ်သံလွှင့် အပိုင်းမှာ နိုင်ငံတော် အပိုင်း ကချည်းပဲ လုပ်နေတယ်လို့ မပြောနိုင်ပါဘူး။ နိုင်ငံတော်ကလည်း တော်တော် များများတော့ လုပ်နေပါတယ်။ သို့ရာတွင်.. ကျွန်တော်တို့ Forever Group တို့ ဘာတို့က ဒါ Commercial အပိုင်းလည်း ပါတယ်။ Free To Air လည်း လွှင့်ပေး တာ ပါတာပေါ့။ Sky Net တို့ဘာတို့ဆိုရင်လည်း ဒါ ပုဂ္ဂလိက အပိုင်းတွေပေါ့။ အလားတူပဲ တစ်ချို့ FM ကုမ္ပဏီတွေလည်း လေးငါးခြောက်ခုလောက် လုပ်နေ တာ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံတော် အပိုင်းလည်း ပါတယ်၊ ပုဂ္ဂလိက အပိုင်းလည်း ပါတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ ကတော့ မူဝါဒ ကျွန်တော်တို့ တိတိကျကျ မတောင်းခံရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါကြ တော့ ဒီ ရုပ်သံလွှင့်မီဒီယာ နဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာတော့ တစ်ချို့နိုင်ငံတွေမှာတော့  ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လက်မခံပဲနဲ့ နိုင်ငံသားတွေနဲ့ပဲ လုပ်တာ တွေ့ရ ပါတယ်။ အဲဒီတော့ ဒါကတော့ ကျွန်တော်တို့ နမူနာကောင်းတွေကို လေ့လာပြီး တော့မှ ဆုံးဖြတ်သွားရမယ့် အပိုင်း ဖြစ်ပါတယ်။



မေး                            ။     ။     ဟုတ်ကဲ့၊ ဝန်ကြီးရဲ့ စောစောက အတွေ့အကြုံအပိုင်းနဲ့ ပတ်သက်တဲ့ အပိုင်းကို ဆက်ပြီးတော့ မေးပါရစေ။ ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ် တော်တော်များများလည်း တွေ့ဖူးပါတယ်။ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး အတွက် စောစောကလို အရေးကြီးတဲ့ နေရာတွေမှာလည်း လုပ်ခဲ့ဖူးတယ် ဆိုတော့ ဝန်ကြီး အတွေ့အကြုံအရဆိုရင်... ဒီလိုခက်ခဲတဲ့ တာဝန်တွေကို ပေးတဲ့အခါမှာ  အထက်က အမိန့်ကိုပဲ နာခံရတာလား၊ ဒါမှမဟုတ် ဝန်ကြီးမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဘယ်အတိုင်းအတာအထိ ရပြီးတော့ လုပ်ခဲ့ရလည်းဗျ။



ဖြေ                             ။     ။       ဒီဥစ္စာတွေကိုလည်း ကျွန်တော့အနေနဲ့တော့ ခက်ခဲတဲ့ အလုပ်လို့တော့ မမျှော်လင့်ပါဘူး။ မပြောလိုပါဘူး။ စိန်ခေါ်မှုရှိတဲ့ အလုပ်လို့ ပြောမယ် ဆိုရင် တော့ မှန်ပါတယ်။ ဒီလို စိန်ခေါ်မှုရှိတဲ့ အလုပ်တွေ လုပ်ရတာလည်း ကျွန်တော့် အနေနဲ့ ပျော်လည်း ပျော်ရွှင်ပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ တစ်ဖက်ကလည်းပဲ ဒီလိုလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် လေ့လာမှု၊ မှတ်သားမှု လေးတွေ လုပ်ရတော့ သင်ယူတဲ့ သဘောလည်း ဖြစ်တော့ ကျွန်တော့ အတွက် လည်းပဲ အကျိုးကျေးဇူး ရှိပါတယ်။ အဲဒီတော့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေအထားကတော့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ကြီး၊ ခက်ခက်ခဲခဲကြီး လုပ်ဖို့အကြောင်း မရှိပါဘူး။ နောက် အထက်ကအမိန့်နဲ့ ပတ်သက်ပြီး အထက်ကလည်း သူ့ခေတ် ကာလအလိုက် အချို့ ပန်းတိုင်လေးတွေ ပေးလိုက်တာ ရှိပါတယ်။ ဒီပန်းတိုင် လေးတွေကို ကျွန်တော်တို့က ရည်မှန်းချက်ကို အောင်မြင် အောင်ပေါ့၊ ကိုယ့် mission ကို ကိုယ် ကာလတစ်ခုအတွက် ပေးလိုက်တဲ့ mission လေး တစ်ခုကို အောင်မြင် အောင် ကျွန်တော်တို့ စေ့စပ်ကြတယ်၊ ဆွေးနွေးကြတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါလည်း တစ်ကယ့် တစ်ကယ် ကြတော့ ကျွန်တော်တို့ ခက်ခက်ခဲခဲ လုပ်ရတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ common ground ရှာကြ တယ်။ ပြီးတဲ့အခါကျတော့  ဒီ compromising  အပေးအယူ အချိတ်အဆက် လေးတွေ လုပ်ကြတယ်။ ပြီးတော့ အားလုံးအတွက် အကျိုးရှိမယ့် win-win strategy နဲ့ ကျွန်တော်တို့ သွားခဲ့ကြတာပါ။ ဒါ့ကြောင့် သိပ်ကြီးမားတဲ့ ပြဿနာ၊ ကြီးမားတဲ့ အခက်အခဲကြီးလို့တော့ ကျွန်တော်က မယူဆပါဘူး။



မေး                            ။     ။       ဟုတ်ကဲ့၊ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ တစ်ချိန်တုန်းကဆိုရင် အစိုးရအနေနဲ့ သတိအများကြီးထားပြီး ဆက်ဆံခဲ့တဲ့၊ အခုအချိန်အထိလည်း တစ်စုံတစ်ရာ သတိထားပြီး ဆက်ဆံနေတဲ့ NLD နဲ့က လွှတ်တော်ထဲအထိတော့ ပေါင်းပြီးတော့ အတူတူ common ground တော့ လုပ်တာပေါ့လေ။ နောက်ပိုင်း မှာ ဘယ်လောက်အထိ ဆက်ပြီးတော့ လက်တွဲမယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးတော့ လုပ်လို့ရမယ် ထင်ပါသလဲခင်ဗျ။



ဖြေ                           ။     ။        ကျွန်တော်တို့ သမ္မတကြီး လမ်းညွှန်ချက် ရှိပါတယ်။ ဒါကတော့ တူတာတွေ ဝိုင်းလုပ်ကြမယ်။ မတူတာလေးတွေ ဘေးဖယ်ထားမယ် ဆိုတဲ့ သဘောပါ။ အဲဒီ တော့ ကျွန်တော်တို့မှာ များသောအားဖြင့်က တူတာတွေများပါတယ်။ အထူး သဖြင့် ပြည်သူလူထုရဲ့ အကျိုးအတွက် ကျွန်တော်တို့ ဆောင်ရွက်ကြမယ်၊ ပြည်သူလူထုရဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာဖို့အတွက် ဆောင်ရွက်ကြမယ် ဆိုတဲ့ အပိုင်းတွေက တူညီကြပါတယ်။ ဒါ တစ်ကယ့်ကို ဝမ်းသာစရာပါ။ ဒီဝမ်းသာစရာ အချက်အလက်ကို ကျွန်တော်တို့ ဆက်လက်ပြီး ကိုင်စွဲပြီးတော့မှ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်ခင်ဗျ။



မေး                           ။     ။         ကျေးဇူးတင်ပါတယ် ဝန်ကြီးခင်ဗျ။

ဖြေ                            ။     ။        ကျေးဇူးပါပဲ။


Myanmar Express 

1 comments:

မီဒီယာ လွတ်လပ်ခွင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပေးလိုက်ကြပါ လုပ်ကြပါစေ သူတို့ရဲ့ အရည်အချင်း လုပရည်ကိုင်ရည် ဘယ်လောက်ရှိလည်း သိရတာပေါ့ တပတ်တကြိမ် ထုတ်တာတောင် ပြဿနာပေါင်း သောင်းခြောက်ထောင် နေ့စဉ်သတင်းစာ ဆိုလို့ကတော့ ပြောမနေနဲ့တော့ သူတို့ကိုလုပ်ခွင့်မပေးတော့ လွှဲချလို့ကောင်းနေတာပေါ့ တကယ်လုပ်ခွင့်လဲပေးလိုက်ရော စောက်တလွဲ တွေ ဒေါ်အော်စန်းဆုကြည်လိုပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်