Subscribe to our RSS Feed

တစ်ဦးချင်း ကုန်သွယ်နိုင်မည့် ကတ်များ ပြုလုပ်ပေးမည်

From :ခေတ်လူငယ်


မြန်မာနိုင်ငံသား မည်သူမဆို ပြည်ပနိုင်ငံများနှင့် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်နိုင်မည့်ကတ် (Individual Trading Card) များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ကုန်သွယ်မှုပြုတဲ့အခါမှာ ကုမ္ပဏီလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီမှတ်ပုံတင် ရှိတဲ့လူတွေ၊ ပို့ကုန်သွင်းကုန် မှတ်ပုံတင်ရှိတဲ့ လူတွေပဲ ပို့ကုန်သွင်းကုန် ဆောင်ရွက်လို့ ရပါတယ်။ အဲဒီတော့ မြန်မာငွေ သိန်းတစ်ရာ လက်ထဲရှိရင် ပို့ကုန်သွင်းကုန် ဆောင်ရွက်လို့ရ၊ မရ အခုနောက်ပိုင်း ကျွန်တော်တို့ ရအောင် လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ မည်သူမဆို ကုန်သွယ်မှု ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ပေးတော့မှာပါ” ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။ တစ်ဦးချင်း ကုန်သွယ်နိုင်မည့် ကတ်များဖြင့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ခြင်းသည် ယခင်ကလည်း ရှိခဲ့ဖူးသည်ဟု ဒုညွှန်ချုပ်က ဆိုသည်။ အသေးစား လုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသော အဖွဲ့များအတွက် ရည်ရွယ် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ အမရပူရမြို့နယ်မှ အသေးစား ရက်ကန်းလုပ်ငန်းရှင် အမျိုးသားတစ်ဦးက “ကောင်းပါတယ်။ ကိုယ့်ဈေးကွက် ကိုယ့်ဟာကိုရှာပြီး တစ်ဦးချင်းလုပ်လို့ ရလာတာပေါ့” ဟု သူ၏အမြင်ကို ပြောသည်။ ထိုကတ်များကို နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၃ ခု ရှိသည့်အနက် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ စတင်စမ်းသပ် ဆောင်ရွက်စေမည်ဟု ဆိုသည်။ တမူးစခန်းပြီးလျှင် ကျန်ရှိသည့် စခန်းများသို့ စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်