From : Popular
လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဆက်လက်ဆောင်ရွက်ခြင်း မရှိသော ကိစ္စများကို မှတ်တမ်းတင် ထားရှိခြင်းသည် အကျိုး သက်ရောက်မှု ရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ ”မိမိ တင်ပြလိုသည်မှာ လွှတ်တော်မှာ တင်သွင်း ဆွေးနွေးသော အဆိုများမှ အတည်ပြု ဆုံးဖြတ်ခဲ့သည့် အဆိုများကို အရေးယူ ဆောင်ရွက်ရန် အတွက် သဝဏ် လွှာ ပေးပို့တာ ရှိသလို အချို့ကိုလည်း မှတ်တမ်းတင်ထားရှိ စောင့်ကြည့်ရန် အဆုံးအဖြတ် များကိုလည်း သဝဏ်လွှာအဖြစ် ပေးပို့ခဲ့ပါတယ်။ အဆို စောင့်ကြည့် မှတ်တမ်းတင် ကိစ္စများကို သက်ဆိုင်ရာ အဖွဲ့အစည်း များကလည်း အရေးယူ ဆောင်ရွက်ရမှာ ဖြစ်သလို ဆောင်ရွက် နေကြကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် အဆိုများကို အတည်ပြု အဆိုအဖြစ် ဆက်လက်ဆောင်ရွက်ခြင်း မပြုနိုင်သော ကိစ္စများကို မှတ်တမ်းတင်ထား ရှိခြင်းသည် အကျိုးသက်ရောက်မှု ရှိကြောင်း တင်ပြ ရပါတယ်” ဟု ဥက္ကဋ္ဌက နိုဝင်ဘာ ၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ၄င်းအနေဖြင့် ယခုကျင်းပနေသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်လည်း အရေးကြီးသော သဝဏ်လွှာ နှစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း ထို့ကြောင့် လွှတ်တော်မှ အတည်ပြုသော အဆိုများကို မှတ်တမ်းတင် စောင့်ကြည့်ခြင်းသည် အကျိုးသက်ရောက်မှု ရှိကြောင်း ပြောကြားသည်။ (အဆိုပါ သဝဏ်လွှာ နှစ်စောင်မှာ ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်သည် မူလကပင် ပျက်ပြယ်သော အမိန့်ဖြစ်ကြောင်းနှင့် လွှတ်တော် လုပ်ငန်း ဆိုင်ရာ များကို ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းများနှင့် တိုက်ရိုက် ဆက်သွယ် လုပ်ကိုင်နိုင်ရန် အတည် ပြုချက် ရယူသော သဝဏ်လွှာ ဖြစ်သည်။) လက်ရှိ အချိန်အထိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော် အနေဖြင့် ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ၁၁ စောင်၊ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌ ထံသို့ သဝဏ်လွှာ ကိုးစောင်၊ ပြည်ထောင်စု တရားသူကြီးချုပ်ထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် လွှတ် တော်အား နိုင်ငံတော် သမ္မတ ထံမှ ပေးပို့ထားသော သဝဏ်လွှာ ၄၅ စောင် အထိ ရှိပြီဖြစ်ကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်