Subscribe to our RSS Feed

အစိုးရပိုင် သတင်းစာများ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းမည်

From : The Voice


နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရ၏ လုပ်ဆောင်ချက်များကိုသာ ဖော်ပြလေ့ရှိသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲကာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင် ရွေးကောက်ပွဲစနစ်များအရ အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေး အဖွဲ့တို့သည် သက်တမ်း ကုန်ဆုံးသည်နှင့် အပြောင်းအလဲ ပြုလုပ်ရခြင်းကြောင့် နိုင်ငံပိုင် မီဒီယာများသည် အစိုးရ၏ ဝါဒဖြန့်ယန္တရားအဖြစ် ဆက်လက်ရပ်တည်ရန် မသင့်ခြင်းကြောင့် နိုင်ငံပိုင်မီဒီယာများကို ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်သော မီဒီယာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့ကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲနိုင်ရန် ၂၀၁၃ ခုနှစ်မှ စတင်ကာ အစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး အစုရှယ်ယာ ထည့်ဝင်သူများဖြင့် တာဝန်ကန့်သတ်သော ပြည်သူ့ကော်ပိုရေးရှင်း (Public Corporation) များအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ထားသည်။ The New Light of Myanmar သတင်းစာကို နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားပုဂ္ဂလိက ကုမ္ပဏီများနှင့် အစိုးရတို့ (Joint Venture) အဖြစ် ဖက်စပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်