Subscribe to our RSS Feed

ပဋိပက္ခဖြစ်ပွားသော မြို့နယ်များကို အဓိကထား နိုင်ငံသားစိစစ်မှု ပြုလုပ်

From :ခေတ်လူငယ်


တစ်ကျော့်ပြန် ပဋိပက္ခများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုကို ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော မြို့နယ်များအား အဓိကထား၍ နိုဝင်ဘာလ ၆ ရက်နေ့မှစပြီး စစ်ဆေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာများကို နိုဝင်ဘာ ၆ ရက်နေ့က စတင်စစ်ဆေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၊ နစက၊ လ.ဝ.က၊ တပ်မတော်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများ ပါဝင်သော တစ်ဖွဲ့လျှင် လူပုဂ္ဂိုလ် ၁၈ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ပေါင်း ၁၅ ဖွဲ့ဖွဲ့၍ ကနဦးအနေဖြင့် သန်းခေါင်စာရင်းများ၊ လူဦးရေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ယာယီသက်သေခံကတ်များကို စိစစ်ခဲ့ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပေါက်တောမှာ တခြားမြို့နယ်တွေကပါ ထွက်ပြေးလာတဲ့ သူတွေ များနေတဲ့အတွက် အရင်ဆုံး စိစစ်တာပါ” ဟု ဦးဝင်းမြိုင်က ရှင်းပြသည်။ အဆိုပါ နိုင်ငံသား စိစစ်မှုတွင် နိုင်ငံသား ဖြစ်ခွင့်ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမည် ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် မရသူများ၊ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဆက်လက်စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။ “ပေါက်တောကို အရင်ဆုံး စိစစ်တာ ဘင်္ဂလားပင်လယ်အော်နဲ့ နီးတယ်။ ဘင်္ဂါလီတွေ ခိုးဝင်မှု များတဲ့အတွက်ပါ” ဟု အဆိုပါမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသာထွန်းအောင်က သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းသောအားဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမည် ဖြစ်ကာ နိုင်ငံသားဖြစ်ခွင့် မရရှိသူများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ယင်းစိစစ်မှုကို အကောင်အထည် ဖော်ရာတွင် လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြိုဖများနှင့် တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ ၁၉၈၂ ခုနှစ် ဥပဒေသည် ယခင်က ဖြစ်ပျက်ခဲ့သည့် အခြေအနေပေါ် သင်ခန်းစာယူပြီး အကောင်းဆုံး ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်ခင် ဝင်လာသော လူများကနေ ပေါက်ဖွားလာသည့် တတိယမျိုးဆက် Third Generation များသည် နိုင်ငံသားဖြစ်ခွင့်ရမည် ဖြစ်ကြောင်း သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီးက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၁၀ သိန်းကျော်ရှိပြီး ငါးသိန်းခန့်မှာ ယာယီသက်သေခံကတ် (White Card) ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လအတွင်းတွင် မီဒီယာများကို တရားဝင် ပြောကြားသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲပြီး တည်ဆဲဥပဒေကို ပယ်ဖျက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြက နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ ယင်းအဆိုကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မှတ်တမ်းအဖြစ်သာ ထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။
 

 Myanmar Express 


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်