Subscribe to our RSS Feed

အာရှ အကောင်းဆုံး ကစားသမား (၁၁)ဦး တွင် မြန်မာဘောလုံးသမား ကြည်လင်းပါဝင်

From : Myanmar Triker


ပြီးခဲ့သော အောက်တိုဘာလ အတွက် Goal.com မှ ရွေးချယ်ခဲ့သော အာရှ အကောင်းဆုံး ကစားသမား (၁၁) ဦး စာရင်းတွင် မြန်မာနိုင်ငံ မှ လူငယ် တိုက်စစ်မှုး ကြည်လင်း လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

Goal.com သည် ၎င်းတို့၏ စာဖတ် ပရိသတ်များအတွက် လိဂ် အသီးသီးတွင် ခြေစွမ်း ပြလျက် ရှိနေသော အာရှ ကစားသမားများ အား လအလိုက် အကောင်းဆုံး အသင်း အဖြစ် လစဉ်ဖော် ပြသည့် အစီအစဉ်ကို မကြာမီက စတင်ခဲ့သည်။ ယခု ၂၀၁၂ အောက်တိုဘာ လ အတွက် အကောင်းဆုံး အသင်း အဖြစ် ၃-၄-၃ ကစားကွက်ကို အခြေခံ ထားပြီး ဥရောပ တစ်လွှားတွင် ကစားနေသော အာရှ ကစားသမားများ နည်းတူ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှုးလေး ကြည်လင်း လည်း ရွေးချယ် ခံခဲ့ရသည်။
ဥရောပ နာမည်ကြီး ပြိုင်ပွဲများတွင် အမြဲတစေ ပါဝင်ယှဉ်ပြိုင်ခွင့် ရနေသော CSKA ၏ အဓိက တိုက်စစ်မှုး ဟွန်ဒါသည်ပင် ပထမ ဦးစားပေး (၁၁)ယောက်တွင် မပါဝင်ခဲ့ချိန်၌ အသက် (၂၀) အရွယ် ရန်ကုန် တိုက်စစ်မှုးက အယ်ဒီတာ အကြိုက် ဦးစားပေး (၁၁)ယောက်တွင် ကွင်းလယ် ညာတောင်ပံ၌ ထည့်သွင်းခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။




ယခု လူစာရင်းတွင် အင်တာ၊ စတန်းဒက်လီဂီး၊ ဟမ်းဘတ် ကဲ့သို့သော ဥရောပ နာမည်ကျော် အသင်းများ၏ ကစားသမား များလည်း ပါဝင် ခဲ့ပြီး ထိုင်းနိုင်ငံ မြောင်သောင် ကလပ်မှ ကစားသမား နှစ်ဦး၊ မလေးရှားနိုင်ငံ ကလာတန်ကလပ် မှ (၁) ဦးလည်း ပါဝင် ခဲ့သည်။ နိုင်ငံ အသင်းများအနေဖြင့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုးရီးယား တို့မှ နှစ်ဦးစီ ပွဲထွက် လူစာရင်းတွင် ပါဝင် ခဲ့သည်။ ထို့အပြင် အရန် ကစားသမား များထဲတွင်လည်း ဟွန်ဒါ ကဲ့သို့သော ကမ္ဘာကျော် တိုက်စစ်မှုး ကို မြင်တွေ့ရသည်။ အသင်းမန်နေဂျာ အဖြစ် Singapore Armed Forces FC အသင်းမှ မန်နေဂျာ ရစ်ချက်ဘော့ခ် ကို ရွေးချယ် ခဲ့သည်။

Goal.com ၏ သတင်းဓါတ်ပုံတွင်တော့ မြောင်သောင် ကစားသမား နှစ်ဦး၏ အမည်အား လွဲမှားစွာဖြင့် တစ်ဦးတည်းကို နှစ်ကြိမ်အထိ ရေးထား ခဲ့သည်ကို တွေ့ရသည်။ ကြည်လင်းအား ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ထားရာတွင်တော့ မြန်မာ့မြေတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဆူုဇူကီးဖလား ခြေစစ်ပွဲတွင် ပြသခဲ့သော ထိပ်တန်းခြေစွမ်း များကြောင့်ပင် ဖြစ်သည်ဟု ပါရှိခဲ့သည်။ ထို့အပြင် ကြည်လင်းအနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲများ ကစားလာရသည်နှင့် အမျှ ခြေစွမ်းပိုမို တိုးတက်လာမည် ဖြစ်ပြီး ပြည်ပ ကလပ်များ၏ အာရုံစိုက် စောင့်ကြည့်ခြင်းကို ခံရမည်မှာ အသေအချာပင် ဖြစ်သည်ဟု သုံးသပ်ထားသည်ကိုလည်း တွေ့ရသည်။

 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်