Subscribe to our RSS Feed

တရားမဝင် ဝင်ရောက်သော ကြက်သားပေါက်များကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ဖြစ်

From : Myitmaka



မြန်မာနိုင်ငံသို့ ဝင်ရောက်နေသော ကြက်ပေါက်နှင့် ကြက်သား တို့သည်တရားမဝင် ဝင်ရောက်မှု ပိုမိုများပြားနေသဖြင့် ကြက်ငှက် တုပ်ကွေးရောဂါများပြန့်နှံ့လာမည်ကိုစိုးရိမ်ရပြီး အခြားကြက်ခြံများသို့ကူးစက်သွားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြု လုပ်သော
စာနယ်ဇင်းတွေ့ဆုံပွဲတွင် မွေးမြူရေးလုပ်ငန်းအသင်းက ပြောသည်။

“ကြက်ပေါက်က ပြန့်နိုင်တယ်။ ပိုပြီးအရေးကြီးတာက ကြက်သားကပိုပြီးအန္တရာယ်များတယ်။ ကြက်ပေါက်မှာက အနည်းဆုံး အသက်ရှင်နေတာဖြစ်သေးတဲ့အတွက် သူကရောဂါပါမပါ မသေချာသေးဘူး။ ကြက်သားကတော့ တရားမ၀င်ဆိုခဲ့ရင် တစ်ခုခုပြဿနာဖြစ်တဲ့ကြက်ကို ပို့ဖို့ အများကြီးကို ဖြစ်နိုင်ခြေရှိတယ်”ဟု မွေးမြူရေးအဖွဲ့ချုပ်ဘဏ္ဍာရေးမှူးဖြစ်သူ ဦးနေသူရိန်က ပြောသည်။

ပြည်တွင်းသို့ ကြက်ပေါက် ဝင်ရောက်မှု (၈၀%)မှာ တရုတ်ပြည်မှ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကြက်ငှက်တုတ်ကွေး ကာကွယ်ဆေးမထိုးသောနိုင်ငံဖြစ်သည့်အတွက် ယခုကဲ့သို့ ၀င်ရောက် နေခြင်းသည် နိုင်ငံ၏ဥပဒေများနှင့် မညီညွတ်ခြင်းမရှိဟု ၎င်းအသင်းက မန္တလေးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယခုလို တရားမဝင် ၀င်ရောက်နေခြင်းမှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ကြောင်းသိရသည်။ ကျောက်မဲမြို့နှင့် လားရှိုးမြို့များတွင်လည်း လက်ရှိ ကြက်ပေါက်မွေးမြူသည့်လုပ်ငန်းမရှိသလောက်ရှိနေခြင်းဖြစ်နေပြီး
ပြည်တွင်းတွင်တရုတ်ပြည်မှ ကြက်ပေါက်များကိုသာ အဓိက အားထားမွေးမြူနေကြကြောင်း သိရသည်။

လွန်ခဲ့သော နှစ်များတွင်လည်း ထိုသို့ တရားမဝင် ကြက်ပေါက်ဝင်ရောက်မှုကြောင့် ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေး ရောဂါပျံ့နှံ့ပြီး ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း မွေးမြူရေးလုပ်ငန်း အသင်းမှ ဥက္ကဌဖြစ်သူ ဒေါက်တာကျော်တင့်က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ပြီးခဲ့တဲ့နှစ်တွေက ရောဂါထိန်းချုပ်မှုတွေ
မလုပ်နိုင်ခဲ့ဘူးဖြစ်ရတယ်။ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့တယ်။တောင်ကြီးတို့၊ မန္တလေးဖက်ဆိုရင် တောင်ပြုန်းတို့ အဆုံးအရှုံးများတယ်” ဟုပြောသည်။

ပြည်ပမှ ကြက်သား၊ ကြက်ဥနှင့် ကြက်ပေါက်များ တရားမဝင်ဝင်ရောက်နေသည့်အပြင် တရုတ်နယ်စပ်မြို့ဖြစ်သော ရွှေလီ မူဆယ်မှတစ်ဆင့်မြန်မာနိုင်ငံအနှံ့အပြားသို့ အေးခဲထားသော ကြက်သားများ တရားမ၀င်ဝင်ရောက်နေရာတွင် ကြက်ငှက် ကာကွယ်ဆေးထိုး ထားခြင်း၊ အသားထုတ်များသည်ကုန်ဆုံးရက် ( Exp Date )နီးကပ်နေခြင်းများကိုလည်းတွေ့မြင်နေရကြောင်းကိုလည်း ၎င်း အသင်းက ဆိုသည်။

“အဓိက ဘာတွေပါလဲဆိုတော့ နံပါတ်တစ် ရောဂါရှိမယ်။ နံပါတ်နှစ်က
အေးခဲတာမလတ်ဆတ်တာရှိမယ်။ နံပါတ်သုံးက သူတို့ဆီမှာ ရက်လွန်ဖို့နီးနေတာတွေရှိတယ်။အမှန်ကတော့ အရှင်းဆုံးပြောရင်
အမှိုက်ပုံ ဒီကို လာရွှေ့တာပဲ” ဟု ၎င်းကပြောသည်။အဆိုပါ အေးခဲကြက်သားများအား မန္တလေးမြို့တွင်ပတ်ကင်များပြန်
လည်ပြုပြင်ပြီး ဆိုင်များကိုဖြန့်ဖြူးလျှက်ကြောင်း၊ မန္တလေးမြို့သို့ နေ့စဉ် ပိသာချိန် တစ်ထောင်နှင့် ထောင့်ငါးရာကြားဝင်ရောက်လျှက်ရှိသည်ဟု သိရသည်။

ယင်းသို့ ပြည်ပမှ ဝင်ရောက်မှု များပြားနေခြင်းကြောင့်ပြည်တွင်းကြက်မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေပြီဖြစ်သည်ဟုမွေးမြူရေးလုပ်ငန်းရှင်များမှ သုံးသပ်ခဲ့သလို မန္တလေးမြို့ရှိကြက်မွေးမြူရေးလုပ်ငန်းလုပ်နေသော အမည်မဖေါ်လိုသူ လုပ်ငန်းရှင်တစ်ဦးကအဓိကပြသနာမှာ ကြက်စာဈေးကြီးနေခြင်းနှင့်ကြက်သားပေါက်ဈေးကြီးနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ကြက်ပေါက်တစ်ကောင်ကို ၆၈၀ ရှိတယ်။ အဲဒီကြက်ပေါက်က ကြက်ပြန်
ထွက်တဲ့အထိအစာနှစ်ပိသာ စားတယ်။ အစာတစ်ပိသာကို တစ်ထောင်ကျော်
တော့ အရင်းကိုကပေါင်းလိုက်ရင် နှစ်ထောင့်ခြောက်ရာ ကျော်သွားပြီ။ ခုခြံဖမ်းဈေးကနှစ်ထောင့်ခြောက်ရာကျော်နဲ့ပဲ ပြန်ရောင်းနေရတော့ မကိုက်တော့ဘူး။

အစာဈေးနဲ့ ကြက်ပေါက်ဈေးကို လျှော့ချနိုင်ရင် အဆင်ပြေမယ်လို့ထင်
တယ်။ကြက်စာဖြစ်တဲ့ ပဲဖတ်တို့ နှမ်းဖတ်တို့က တရုတ်ပြည်ကို ပို့ကုန်ဈေးကောင်းနေတော့ ပြည်တွင်းမှာ ဈေးတက်ကုန်တော့ လုပ်ရတာမကိုက်တော့ဘူး ´´ ဟု ၎င်းက ပြောသည်။

 
 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်