From :မေသင်္ကြန်ဟိန်(မြစ်မခ)
www.MyanmarExpress.net
KIA တပ်ထဲမှာ ရဲမေအဖြစ်နဲ့ နေတုန်း တညမှာ ဖြုန်းခနဲ ကျမ အိပ်မက် မက်တယ်။
ကျမ အိပ်မက်ထဲမှာ မချိုကို တွေ့တယ်။ သူ ငိုနေတယ်၊ ငိုနေတယ်၊ ပြီးတော့ ကိုကြီး…ကိုထွန်းအောင်ကျော် လို့ သိရတဲ့ သူ တယောက်ကိုလည်း တွေ့လိုက်တယ်။
မချိုနဲ့
ကိုကြီး အသတ်ခံရပြီး သေပြီလို့ သိလိုက်တော့ ကျမ လန့်သွားတယ်။
အိပ်မက်ပဲလို့ သိပြီး လန့်နိုးလာတော့ အိပ်ရာကနေ ၀ုန်းကနဲ ထလိုက်မိတာ။ ရဲမေ
တယောက်က မငယ် ဘာဖြစ်တာလဲလို့ မေးတယ်။ ဘာမှ မဟုတ်ဘူး အိမ်မက် မက်တာလို့ ကျမ
ပြောလိုက်ပေမဲ့ ရင်ခုန် မပြေသေးဘူး။
ကြောက်တာရော…။ စိတ်ထိ ခိုက်တာရော…။
ကျမ ပြန်မအိပ်နိုင်တော့ဘူး။ အဲဒီညမှာ စပြီး ကျမ သတိရသွားတယ်။ ကိုကြီး
ကျမကို မှာခဲ့တယ်လေ။ သမိုင်းမှန်ကို ဖော်ပေးဖို့ အဖြစ်မှန်တွေကို ပြည်သူကို
အသိပေးဖို့ ပြီးတော့ သမိုင်းမှန်ကို ဖော်ပေးပါလို့ ကျမကို ရေသောက်ရင်းနဲ့
လာလာ မှာခဲ့တဲ့ ကိုကြီးကို ကျမ မှတ်မိလာတယ်။
ကိုထွန်းအောင်ကျော်
အဲလို မှာတော့ ကျမ စိတ်ထဲမှာ ကျမကိုယ်တိုင်လည်း ဘယ်နေ့ အသတ်ခံရမလဲ
ဆိုတာကို မသိတဲ့ အခြေအနေဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူ ကျမကို သေချာ မှာခဲ့တယ်။
အဲဒါကို
ကျမ KIA မှာ ရဲမေအဖြစ်ရောက်တော့မှ ပြန်သတိရမိတယ်။ ဒါပေမဲ့သိတဲ့အတိုင်းပဲ
ကျမအနေနဲ့ ဘာမှ ပြန်လုပ်မပေးနိုင်ဘူး။ ကျောင်းသားတပ်မှာ
ကျန်ခဲ့တဲ့ကိုရဲတို့ အတွက်လည်း ကျမ ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေပေါ့နော်။
စိတ်ဆင်းရဲ ရတယ်။ စိတ်ထိခိုက်ရတယ်။ သမိုင်းမှန်ကိုတော့ ပေါ်စေချင်ပါတယ်။
အဲဒီနောက်တော့ ကျမက KIA မှ ဗိုလ်ချုပ်ဇော်မိုင်ကို အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဘို့ဆုံးဖြတ်ချက်ကို ပြောပြခဲ့တယ်။
ကျမအနေနဲ့ KIA တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုပေမဲ့ ကျမအတွက်မနေသင့်တဲ့ အကြောင်းတရားတွေ ရှိလာပြီလေ။
ဗိုလ်ချုပ်ဇော်မိုင်က ပီထွန်းဆီအကြောင်းကြားပါတယ်။ ပါဂျောင်ဒေသ KIA တပ်ကို ကျမရဲ့ အကို တော်တဲ့ ပီထွန်း ရောက်လာတယ် ။ ဒါပေမဲ့ သူက ၂ ရက်ခန့်ပဲ နေခဲ့ပါတယ်။
အဲဒီမှာ
ကျမရဲ့ မှတ်မှတ်ရရ ဖြစ်တာတွေကို ပြောချင်တယ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
အဲဒီနေ့က စနေနေ့။ ၁၉၉၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ( စနေနေ့) ။
ဒီရက်တွေ လတွေဟာ ကျမဘဝအတွက် ထူးခြားမှု ရှိတယ်လို့ကျမ မကြာခဏတွေးတောမိခဲ့တယ်။
၁၂.၂.၁၉၉၂
ခုနှစ် မှာ ကိုထွန်းအောင်ကျော် အပါအဝင်ကျောင်းသား ၁၅ ဦးကို ABSDF-NB
မြောက်ပိုင်းက ကျောင်းသားခေါင်းဆောင်တွေက ရက်စက်စွာ ၊ လူမဆန်စွာခေါင်းဖြတ်
သတ်ခဲ့ကြတယ်။
တနှစ်တိတိပြည့်ခဲ့တဲ့နေ့ ၁၂.၂.၁၉၉၃ ခုနှစ်မှာကျမက ပါဂျောင်ဒေသ နယူးကင့်
KIA တပ်မတော်မှာ နောက်ဆုံးညအဖြစ်ဖြတ်သန်းခဲ့ရတယ်။
၁၃.၂.၁၉၉၂
ခုနှစ်မှာ ယိုးဒယား သတင်းထောက် ယင်ဒီအ ပါအဝင် မလေးရှား ၊ ဂျပန်
တို့မှသတင်းမှတ်တမ်းတင်သူတို့နဲ့ကျမအပါအဝင် ၅ ဦး
ကိုကျော်နိုင်ဦး(ကြောင်)။ကိုတိုးကြည်။ ကိုညီညီ(စမား)။
ဂျိုးဖြူတို့ကိုတွေ့ဆုံစေခဲ့ပါတယ်။
အဲဒီကနေ တနှစ်တိတိပြည့်ခဲ့တဲ့ ၁၃.၂.၁၉၉၃ ခုနှစ် မှာတော့ကျမပါဂျောင်ဒေသလိုင်စင်စခန်းမှ ထာဝရထွက်ခွာလာခဲ့တယ်။
ကျမ မထွက်ခွာခင်မှာ KIA
စစ်ရုံးချုပ်ရဲမေဆောင်ကနေ ၁၅ ဦး
အသတ်ခံခဲ့ရတဲ့ကျောင်းသားတပ်နယ်မြေအတွင်းရှိ အာဆံကုန်း ဘဲခေါ်ခေါ်
ဆိုင်းရော်ကုန်းဘဲဆိုဆို ၁၅ ဦးကုန်းလို့အမည်သစ်တွင်ခဲ့တဲ့
လူသတ်ကုန်းရှိရာကိုမှန်းပြီး ကျမ ပေးထား ခဲ့တဲ့ဂတိကိုတည်စေပါ့မယ်လို့ ကျမ သစ္စာဆိုခဲ့ သစ္စာပြုခဲ့လိုက်တယ်။
အဲဒီနေ့က
ကျမ ပေးခဲ့တဲ့ကတိပြုခဲ့တဲ့သစ္စာကိုတနေ့အကောင်အထည်ဖော်ဆောင်ရမယ် ဆိုတာကို
အသွေးအသားထဲမှာနစ်နေအောင်ကို သိမ်းဆည်းထားတာ။ အချင်းချင်းသတ်လို့သေခဲ့ကြရတ
ဲ့ABSDF-NB ကျောင်းသားတပ်မတော်ရဲ့ သမိုင်းကိုပြန်လည်ဖော်ဆောင်ရေးဟာ
ခက်ခဲမှု့ရှိနေမယ်ဆိုတာကို အဲဒီကတည်း ကျမယုံကြည်ခဲ့ပါတယ်။
အဲဒီနေ့
ဖေဖော်ဝါရီလ ၁၃ ရက် ၁၉၉၃ ခုနှစ်မနက်ခင်းမှာပဲ ကျမကို ကယ်တင်ပေးခဲ့တဲ့
ကျေးဇူးရှင်ဗိုလ်ချုပ်ဇော်မိုင်၊ ပီထွန်းနဲ့ကျမတို့ နောက်
ဆုံးအကြိမ်မနက်စာစားဖြစ်ခဲ့ပါတယ်။
အချိန်တန်တော့သွားရတော့မှာမို့ဗိုလ်ချုပ်ဇော်မိုင်ကို
ဘာသာရေးကွဲပြားပေမဲ့လည်း ဂါရဝပြုချင်တဲ့ အတွက် ပဆစ်တုတ်ထိုင်ပြီးထိခြင်း ၅
ပါးနဲ့ရှိခိုးဦးချကံတော့ခဲ့ပါတယ်။
ဗိုလ်ချုပ်က ကျမကို လေးလေးနက်နက် စဉ်းစားဖို့ အကြံပေးခဲ့ပါသေးတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။
ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ပြီး အသတ်ခံခဲ့ရသူတွေနဲ့ ဖမ်းဆီးပြီး နိုင်ငံရေးသိက္ခာဖျက်ခံရတဲ့ ကျမတို့
အယောက် ၁၀၀ အတွက်ကို တနေ့ သမိုင်းမှန်ပေါ်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့
ကျမရဲ့ ကတိကို အချိန်အတိုင်းအတာတခုထိ စောင့်ပါ ဆိုတဲ့ ဗိုလ်ချုပ်ရဲ့
စကားတခွန်းပါပဲ။
အဲဒီတုန်းကလည်း ရိုးရိုးသားသား ပြောရရင် ကျမအနေနဲ့ ဘယ်လောက်ထိ အချိန်စောင့်ရမလဲဆိုတာ တကယ်ကို မသိခဲ့ပါဘူး။
ဒီလိုနဲ့ဘဲမနက် ၉ နာရီခန့်မှာဘဲ KIA မှကားနဲ့ ပါဂျောင်ဒေသ ။ ထိုလိုင်စင်စခန်းအဝင်ဂိတ်မှဖြတ်ကျော်လျှင် ABSDF-NB စခန်းသို့ရောက်ပါတယ်။
ကျမရဲ့ညာဘက်က ကျောင်းသားတပ်တည်ရာလမ်းကိုငေးကြည့်မိပြီး နင့်နင့်သည်းသည်း ခံစားရတယ်။ ပြောရရင် နင့်နေအောင်ခံစားရတယ်။ စိတ်ထိခိုက်ရတယ်။
ကျမ
တောထဲကို ထွက်လာတုန်းက တိုင်းပြည်နဲ့လူမျိုးအတွက် ဘဝကိုစွန့်လွှတ်မယ်ဆိုတဲ့
စိတ်နဲ့ ထွက်ခဲ့တယ်၊ မိသားစုကိုတောင် စွန့်ပြီး ထွက်လာခဲ့ကြတာပါ။
ဒါပေမဲ့
ကျမတို့ကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ကြတယ်။
ကျမဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေး သက်တမ်းဟာ အင်မတန်တိုတောင်းခဲ့တယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် ငါ…ဟာ သဲပွင့်လေးတပွင့်အနေနဲ့ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့အတွက် ကျမ အရာရာကို ပေးဆပ်စွန့်လွှတ်ခဲ့ရပေမဲ့ ကျမရဲ့ စွန့်လွှတ်ခဲ့မှု့တွေဟာ ဘာတခုမှအရာမရောက်ခဲ့ဘူး။
ဒီလို ကျမရဲ့ တိုတောင်းတဲ့တော်လှန်ရေးသက်တမ်းကာလမှာပဲ အရာရာကိုအရှုံးများစွာနဲ့သိက္ခာအချခံ သမိုင်းအဖျက်ခံခဲ့ရတယ်။
နောက်ဆုံးတော့လည်း ပြောရမယ်ဆိုရင်တော့ရှင် ဆုံးရှုံးမှု့များစွာနဲ့
တော်လှန်ရေးနယ်မြေမှခေါင်းငုံ့ ထွက်ခွာလာခဲ့ရတယ်လို့ပဲ ပြောရမှာပဲ အဲလို
တွေးမိတိုင်းလည်း ကိုယ့်ကိုကိုယ်လည်းရှက်မိတယ်။
ကျမတို့မိနစ်
၃၀ လောက် အတွင်းမှာဘဲ တရုပ်ပြည်အတွင်း
ရှိရှားဟော့ပါဆိုတဲ့ရွာအရောက်မှာတော့ပီထွန်းဆီ ခွင့်တောင်းပါတယ်။
ကျမတို့ချစ်ခင်လေးစားခဲ့တဲ့ အမနှင်းမေကိုနှုတ်ဆက်ကံတော့ချင်လို့ ခွင့်တောင်း
ပါတယ်။
ကျမကို
တွေ့တော့ မနှင်းမေကတော့မျက်ရည်တွေဝဲနေတယ်၊ ပြီးတော့ မနှင်းမေက
မင်းတို့ဘာတွေဖြစ်ကုန်ကြတာလဲ မအောင်.. ငါနားမလည်နိုင်တော့ဘူးလို့ ပြောပြီး
ကျမလက်အစုံကို လှုပ်ကိုင်ပြီး တတွတ်တွတ်နဲ့မေးနေလို့ကျမ
မျက်ရည်ကျခဲ့ရသေးတယ်။ အားလုံးအတွက်ငါစိတ်မကောင်းဘူး..တဲ့။
မချိုအတွက်ငါဝမ်းနည်းတယ်..တဲ့။
အဲ့ဒီအချိန်ကာလမှာကျမဘာပြောနိုင်မှာလဲ။ ကျမငိုကြွေးမိပြီးတနေ့တော့အမနားလည်လာမှာပါ အမရယ်လို့ပဲ ပြောနိုင်တော့တယ်။
ကျမ မနှင်းမေကို ခင်တယ်။ ကျမကို မအောင် လို့ခေါ်တာအမနှင်း မေ တဦးဘဲရှိတယ်။
အရင်ကဆိုကျမကို
မအောင်လို့ခေါ်ပြီးတိုင်း အားမောင်ရေ..မင်းကို မအောင် ခေါ်တိုင်း
ငါတော့ဆင်ကြီးဘဲပြေးမြင်ပြီကောညယ် .. လို့ စတတ်နောက်တတ်တာလေး တွေရှိတယ်။
နောက်တော့ကျမ အမနှင်းမေကိုနှုတ်ဆက်ခဲ့ပြီးခရီးဆက်ခဲ့တယ်။ မိနစ်ပိုင်းအတွင်းမှာဘဲ ဆီမားခေါ်တဲ့တရုပ်မြို့လေးဆီကို ရောက်တယ်။

1 comments:
မေသင်္ကြန်ဂိန် ဆိုတဲ့ အောက်တန်းစားမ ကို လဲ ဆုံးမ ပါဦး
အဲဒီ ကောင် မ နိုင် အောင် ရဲ့ မယားငယ် ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်