Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် အဆင့်မြင့်စံပြ စက်မှုလယ်ယာစနစ် ဧက (၃ဝဝဝ) ကွင်းဖွင့်ပွဲနှင့် ကောက်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

From : .သမ္မတရုံး







နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် အဆင့်မြင့်စံပြစက်မှု လယ်ယာစနစ် ဧက(၃ဝဝဝ)ကွင်း ဖွင့်ပွဲနှင့် ကောက်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွတ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဦးအုန်းမြင့်နှင့် ဦးအေးမြင့်တို့ လိုက်ပါလျက် နံနက်(၈)နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု ညောင်ကုန်းရွာအနီးရှိ အဆင့်မြင့်စံပြ စက်မှုလယ်ယာစနစ် ဧက(၃ဝဝဝ) စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိသည်။

စိုက်ကွင်းစီမံကိန်း ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အဆင့်မြင့်စံပြ စက်မှုလယ်ယာ စနစ်ဧက (၃ဝဝဝ) အကောင်အထည် ဖော်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက ဆည်ရေသောက်စနစ်များ၊ ကုန်ထုတ်လမ်းများ တည်ဆောက်ထားရှိမှု၊ လယ်ကွက်များ ဖော်ထုတ်ခြင်းနှင့် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ အကျိုးအမြတ် ရရှိမည့် ဆန်စပါးနှင့် တွဲဖက်ပြီး သီးနှံပုံစံများ ချမှတ်ခြင်း၊ တောင်သူပညာပေး စိုက်ကွင်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်နှင့် တောင်သူများအား လုပ်ပိုင်ခွင့်များ ပြန်လည်ချထား ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ တရားဥပဒေစိုးမိုးရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေး ရရှိရန်တို့အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်တွင် ကြွယ်ဝချမ်းသာသည့် နိုင်ငံဖြစ်လာရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ စားဝတ်နေရေး အခြေခံ ခိုင်မာရေးအတွက် လက်ရှိ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် လယ်ယာကဏ္ဍကို အရှိန်အဟုန် မပျက် ဆက်လက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် စက်မှုနိုင်ငံထူထောင်ရေး တို့ကို ရည်ရွယ်ဆောင်ရွက်နေပါကြောင်း။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် မိရိုးဖလာ လယ်ယာ စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်နေ၍ မရတော့ပါကြောင်း၊ ထို့ကြောင့် စိတ်ဓာတ် ပြောင်းလဲခြင်း၊ လယ်ယာမြေများပြုပြင်ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း ၊ စိုက်နည်း စနစ်ပြောင်းလဲခြင်းနှင့် စက်မှုလယ်ယာစနစ် ပြောင်းလဲခြင်းဟူသည့် ပြုပြင်ပြောင်းလဲမှု (၅)မျိုးဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

လောလောဆယ်တွင် နိုင်ငံ့လူဦးရေမှာ သန်း(၆ဝ)ခန့်ရှိနေပြီး နောင်နှစ်ပေါင်း(၃ဝ)ခန့်တွင် လူဦးရေသန်း(၁ဝဝ) ခန့်ထိ ရှိလာနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုရေးနိုင်ငံဖြစ်သော်လည်း လက်ရှိလူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေးကို ချင့်ချိန်ဆောင်ရွက်နေရကြောင်း၊ ကမ္ဘာတွင်လည်း လက်ရှိလူဦးရေ သန်း(၇ဝဝဝ)၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်နေရကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ အနေဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လူဦးရေသန်း(၁ဝဝ) အတွက် စားနပ်ရိက္ခာဖူလုံရေးကို ကြိုတင် မျှော်တွေးပြီး မိမိတို့စိုက်ပျိုး ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုး တိုးတက်ရမည်ဟု ရည်မှန်းချက်ထားပြီး စိတ်ဓာတ် မြှင့်တင်ကာ ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်ကြောင်း။

နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေများမှာ ပုံစံတကျမရှိဘဲ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တည်ရှိနေသဖြင့် လယ်ယာမြေစာရင်းနှင့် အထွက်နှုန်း တွက်ချက်ရာတွင် ခန့်မှန်းခြေဖြင့်သာ တွက်ချက်ရေး ဆွဲနေရကြောင်း၊ လယ်ယာမြေ ဧကကွက်များစနစ်တကျ ဖော်ထုတ်နိုင်မှသာ လယ်ယာမြေ ဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းများ မှန်ကန်လာမည်ဖြစ်ပြီး တောင်သူများ အနေဖြင့်လည်း မိမိတို့ လယ်ယာမြေတွင် ကုန်ထုတ်လမ်းများ၊ ရေသွင်း၊ ရေနုတ်မြောင်းများ စနစ်တကျရှိလာမည် ဖြစ်၍ ယခင် တစ်သီး၊ နှစ်သီးသာစိုက်ပျိုးခဲ့ရာက ယခုသုံးသီးအထိ စိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ကုန်ထုတ်လမ်းများကို အသုံးပြု၍ လယ်ယာသုံး စက်ကိရိယာများကို လယ်ကွင်းထဲ အရောက် အသုံးပြုလာနိုင်သဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် သီးနှံလေလွင့်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ စနစ်တကျ လယ်ယာမြေများမှာ တန်ဖိုးမြင့်တက်လာသဖြင့် စိုက်ပျိုးစရိတ် လိုအပ်မှုအတွက် ဘဏ်များဖြင့် ဆက်သွယ်၍ ချေးငွေရယူရာတွင် ယခင်ကထက် ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်ကို လည်းလျှော့ချနိုင်မည်ဖြစ်ရာ ကျန်အချိန်များတွင် မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လာနိုင်မည်ဖြစ်ပါကြောင်း။

ထို့အတူ လက်ရှိစိုက်ပျိုးနေကြသည့် တစ်ဧကလျှင် တင်း(၅ဝ/၆ဝ) ခန့်သာ ထွက်ရှိသော စပါးမျိုးများအစား အထွက်တိုးမည့် မျိုးကောင်းမျိုးသန့်များကို ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ အလားတူ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို ပြောင်းလဲကျင့်သုံးပြီး စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သီးနှံများ သိသိသာသာ အထွက်တိုးပြီး ရိတ်သိမ်းချိန်တွင် သီးနှံအလေအလွင့် လည်းလျော့နည်း သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံယုံကြည်ကြည်ဖြင့် လိုက်ပါဆောင်ရွက်ပါက မလွဲမသွေ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လိုပါက မဖြစ်မနေကြိုးစား ဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင် နေ့စဉ်ဝင်ငွေရရှိရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် အပြန်အလှန် အကျိုးပြုနေသည့် မွေးမြူရေးလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြရန် ဖြစ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်တွင် အလွယ်တကူ ဝင်ငွေရရှိနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းလမ်းများစွာရှိရာ ဝီရိယစိုက်ထုတ်၍ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

ပြည်သူများ စားဝတ်နေရေးပြေ လည်စေရန်အတွက် လယ်ယာကဏ္ဍက ဖြည့်ဆည်းပေးနိုင်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်မူ စက်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် မိမိတို့တွင် အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံမှုမရှိသေးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေပါကြောင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးလာရန် လိုအပ်ပြီး အဆိုပါလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးလာရန်အတွက် ပညာရေးကဏ္ဍကသာ ဖြည့်ဆည်းပေးနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏သားသမီးများကို ပညာတတ်မြောက်အောင် သင်ကြားပေးရန်ဖြစ်ပါကြောင်း၊ မိမိတို့ကသာ တောင်သူလယ်သမားများ ဖြစ်နေသော်လည်း သားသမီးများကို စက်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ကျွမ်းကျင်လုပ်သားများ၊ ပညာရှင်ကြီးများ ဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ မိမိတို့လူမျိုးကို တစ်ချို့က အခြားနိုင်ငံ/ အခြားလူမျိုးများနှင့် နှိုင်းယှဉ်ပြီး ဝီရိယနည်းသည်၊ စည်းလုံးညီညွတ်မှု အားနည်းသည်ဟု သုံးသပ်ပြောဆိုသည်များ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ လူမျိုးဂုဏ်ကို မြှင့်တင်ရန် ညီညီညွတ်ညွတ်ဖြင့် အလုပ်ကို ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလုပ်ကိုင် ကြရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဆင့်မြင့်စံပြစက်မှုလယ်ယာစနစ် ဧက (၃ဝဝဝ)တွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သော ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုလက်ဆောင် စက်ဘီး(၁၇)စီးနှင့် ရေဒီယို (၃၅)လုံးတို့ကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွတ်က  စက်မှုလယ်ယာစနစ် ဧက(၃ဝဝဝ)အတွင်း ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုးနေသည့် ကောက်စိုက်လုံမေများအား ဂုဏ်ပြုဝတ်စုံ(၅ဝ)နှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စံပြစက်မှုလယ်ယာစနစ် ဧက(၃ဝဝဝ)အတွင်း ခင်းကျင်းပြသထားသည့် နေကြာစိုက်ခင်းများ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊  အဆင့်မြင့်လယ်ယာသုံး စက်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ အဆင့်မြင့် SATAKE ဆန်စက်များ၊ မျိုးစေ့သန့်စင်စက်များနှင့် စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သည့်  လယ်ယာလုပ်ငန်းခွင်သုံး လက်တွန်းထွန်စက်၊ လယ်ထွန်စက်၊ ထယ်သွားနှင့် ထွန်သွားများ၊ ရေစုပ်စက်၊ စပါးခြွေလှေ့စက်နှင့် ဆန်စက်ငယ်များကို ကြည့်ရှုအားပေးကြသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် နေပြည်တော်ကောင်စီ နှင့် ပေါင်းစပ်ညှိနှိုင်းပြီး နေပြည်တော်ကောင်စီ နယ်မြေ ဒဏ္ခိသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း အဆင့်မြင့်စံပြစက်မှု လယ်ယာမြေ ဧက(၃ဝဝဝ)ဖော်ထုတ်နိုင်ရန် မြေနေရာစုဖွဲ့ရွေးချယ်ခြင်း၊ ပုဂ္ဂလိကုမ္ပဏီများ အပါအဝင် ကျွမ်းကျင်ပညာရှင်များစုဖွဲ့ခြင်း၊ စက်ယန္တရားများနှင့် စက်သုံးဆီ အပါအဝင် လိုအပ်ချက်များ တွက်ချက်စုဆောင်းခြင်း၊ ဒေသခံတောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့ဖြင့် (၃) လကြာဆောင်ရွက်ခဲ့ရာ ယခုအခါ ကုန်ထုတ်လမ်းများ၊ ရေသွင်းရေထုတ် စနစ်များ အပါအဝင် စနစ်တကျ မြေပြုပြင်ပြီးဖြစ်သော အဆင့်မြင့်လယ်ယာမြေများ ဖော်ထုတ်နိုင်မှုနှင့် အတူ သီးနှံများကိုလည်း တစ်ပြိုင်တည်း စိုက်ပျိုးနိုင်ခဲ့သည်။ ထိုသို့ နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြုပြီး အဆင့်မြင့် စံပြစက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံနှင့်အဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အဆင့်မြင့် စက်မှုလယ်ယာစနစ်များ အပြိုင်အဆိုင် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရှိရသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်