Subscribe to our RSS Feed

ကုလအထောက်အပံ့ပစ္စည်းများ ကချင်ဒုက္ခသည်စခန်းများသို့ စတင်ရောက်ရှိ

From : 7day

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ပထမဆုံးအကြိမ် ပေးပို့သော စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားခြောက်စီးသည် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် ဖားကန့်ဒေသသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများကို အကူအညီပေးနိုင်ရန် ကမ္ဘာ့ကုလအဖွဲ့အား အစိုးရက ခွင့်ပြုပြီး ရက်ပိုင်းအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးအသုံးအဆောင်များ တင်ဆောင်လာသည့်ယာဉ်တန်း ပထမဆုံးအကြိမ်
ရောက်ရှိလာခြင်းဖြစ်သည်။

“ဒီည လုံးခင်နှစ်ခြင်းအသင်းတော်မှာ ညအိပ်ရပ်နားပြီး ဒုက္ခသည်စခန်းတွေကို ပစ္စည်းလိုက်ဝေမယ်” ဟု ကချင်နှစ်ခြင်းအသင်း
တော် အတွင်းရေးမှူး (နယ်)ကပြောသည်။

ဖားကန့်ဒေသတွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၃၆ ခုရှိပြီး နေအိမ်များတွင် တိမ်းရှောင်နေသူများ အပါအ၀င် ဒုက္ခသည်တစ် သောင်းကျော်ရှိကြောင်း ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသော အသင်းအဖွဲ့များထံမှ သိရသည်။

စစ်ဘေးဒုက္ခသည်များကို ကချင်နှစ်ခြင်းအသင်းတော်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအပါအ၀င် ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များက ကူညီစောင့်ရှောက်ထားခြင်းဖြစ်ပြီး နိုင်ငံတကာမှ အကူအညီများကို လိုအပ်နေဆဲဖြစ်သည်။

“ပြည်တွင်း အင်န်ဂျီအိုတွေနဲ့ အလှူရှင်တွေရဲ့ ကူညီမှုတော့ ရှိပါတယ်။ ယူအင်န်နဲ့ အိုင်အင်န်ဂျီအိုတွေရဲ့ အကူအညီတွေက အရင်က မရောက်သလောက်ဘဲ” ဟု အတွင်းရေးမှူးကပြောသည်။

ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများမှာ ကျောင်းသားများအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ရေ၊ အခြေခံဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည်ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသူများက ပြောသည်။

“စစ်ပြေးဒုက္ခသည်တွေ ကူညီတာ ကြိုဆိုပါတယ်။ မြို့ပေါ်မှာ မဟုတ်ဘဲ တကယ်ဒုက္ခရောက်နေသူတွေဆီ အရင်က ဘာအကူအညီမှ မရောက်ဘူး။ အစိုးရအပေါ်လည်း မူတည်တယ်။ ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသော ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့က ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို မကြာသေးမီက လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Ashok Nigam က ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရထိန်းချုပ်နယ်မြေများအပြင် ကေအိုင်အိုထိန်းချုပ်နယ်မြေများသို့ပါ ကုလသမဂ္ဂက အကူအညီများ မကြာမီ ပေးပို့နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်)တို့တွင် စစ်ပွဲများကြောင့် တိမ်းရှောင်နေကြသော ဒုက္ခသည်ပေါင်း တစ်သိန်းခန့်ရှိကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသော အဖွဲ့များက ခန့်မှန်းထားသည်။ ပထမဆုံးအကြိမ် ရောက်ရှိသော ကုလယာဉ်တန်းတွင် ပစ္စည်းတင်ကားခြောက်စီးနှင့် ကုလရုံးကားငါးစီး၊ စုစုပေါင်း ၁၁ စီး၊ ကုလအဖွဲ့နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများ လိုက်ပါလာကြောင်း သတင်းရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်