Subscribe to our RSS Feed

ရန်ကုန်မြို့တော် အမြဲမီးလင်းစေရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း သိရ

From : Myit Makha Mediagroup 

နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ရန်ကုန်ြမို့တွင် ဓာတ်အားပေးစက်ရုံသစ်(၄)ရုံအား ခြောက်လအတွင်းအပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီလ ၁၉ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခု နွေရာသီကာလတွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်မှာ ၂၀၀ မဂ္ဂါဝပ်ခန့် ရှိနေသောကြောင့် စက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ လေးရုံ တည်ဆောက်လိုခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
ဓါတ်အားပေးစက်ရုံတွေကို လာမယ့် မတ်လ ပထမပတ်အတွင်း အပြီးသတ်တည်ဆောက်ဖို့ လုပ်နေတယ်။ အဓိကတော့ ညဘက်မီး အပြည့်အ၀ ပေးနိုင်အောင် ကြိုးစားနေတယ်။ ဘာလို့ဆိုတော့ စာမေးပွဲဖြေမယ့် ကလေးတွေ ညဘက် စာအေးအေးဆေးဆေး ကျက်နိုင်အောင် ဦးစားပေးလုပ်နေတာဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးညိုဝင်းက ပြောသည်။
လက်ရှိတွင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် အလှည့်ကျ မီးဖြတ်တောက်သည့် အစီအစဉ်များ ပြုလုပ်ရန် မရှိသေးကြောင်းနှင့် အဓိက အနေဖြင့် ညဘက်မီးအပြည့်အ၀သုံးစွဲနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြောင်း၎င်းက ဆက်ပြောသည်။
စက်မှုဇုန်များကို လျှပ်စစ် ဓါတ်အားလိုအပ်ချက်အတွက် မနက် ၇ နာရီမှ နေ့လည် ၁၂နာရီ၊ ၁၂နာရီမှ ညနေ ၅ နာရီ နှစ်ပိုင်းခွဲ၍ အလှည့်ကျ မီးပေးစနစ်ဖြင့် ပေးထားကြောင်း သိရသည်။  ညနေ ၅နာရီမှ မနက် ၇နာရီအထိ ကိုမူ မီးဖြတ်ထားကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်မှ ရရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှလည်းကောင်း ရရှိကြောင်း  အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တို့ အဆိုအရ မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိရာ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရပြီး ပျမ်းမျှ တဦးလျှင် ၁၀၄ ကီလိုဝပ်သာ သုံးစွဲနိုင်သောကြောင့် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်များတွင် ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်ကြောင်း ရန်ကုန် ချက်ထရီယံဟိုတယ်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ အထူးကိုယ်စား လှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက်တာခရီးစဉ် ရောက်ရှိနေချိန်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရ၀န်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့ကာ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ကူညီရန် သဘောတူညီမှု ရရှိခဲ့ကြောင်းကိုလည်း သိရသည်။
www.MyanmarExpress.net

1 comments:

ပြောထားတဲ့အတိုင်းလုပ်နိုင်ရင်တော့ကောင်းပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်