Subscribe to our RSS Feed

နှစ်သက်သူအတွက် ရော်ဘာအနံ့မှာ အန္တရာယ်မရှိနိုင်ဟု ရွှေခေတ် စက်ရုံမှူးတုံ့ပြန်

From :  Myit Makha Mediagroup on 20 Feb, 2013

ရော်ဘာအနံ့ကြိုက်နှစ်သက်သူများအတွက် ရော်ဘာအနံ့မှာ အန္တရာယ်မရှိနိုင်ကြောင်း ဒဂုံအရှေ့ပိုင်းမှ ရွှေခေတ် ရော်ဘာစက်ရုံ စက်ရုံမှူးက ဆိုသည်။
 `` ဘူးသီးကြော်ဆိုင်ရှိရင် ဘူးသီးညှော်နံ့က ရှိမှာပဲ။ ရော်ဘာစက်ရုံရှိရင် ရော်ဘာအနံ့ကရှိမှာပဲ။ အဲ့လိုသာ ရောဂါဖြစ်မယ်ဆိုရင် ဒီရာဘာအလုပ်နဲ့  ကျွန်တော်အသက် (၆၀) ကျော်ပြီ၊ အခု ဘာမှ မဖြစ်ဘူး။ ဥပမာ ဒညင်းသီးဆိုရင် ကြိုက်တဲ့သူက မွှေးမယ်၊ မကြိုက်တဲ့သူက နံမယ်။ ရော်ဘာ အနံ့လည်း ဒီလိုပဲ ´´ ဟု စက်ရုံမှူး ဦးခင်မောင်ဝင်းက ပြောသည်။
ရွှေခေတ် ရော်ဘာစက်ရုံမှ ရော်ဘာအနံ့ဆိုးကြောင့် ဆန္ဒထုတ်ဖော်မှုများရှိနေပြီး စက်ရုံမှ အနံ့ဆိုး မထွက်အောင် လုပ်ဆောင်ပေးရန် ဘေးပတ်ဝန်းကျင်ရပ်ကွက်များမှ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြောင်းကိုလည်း သိရသည်။

`` ကျွန်တော် စလုပ်ကတည်းက အခုချိန်အထိ နှာခေါင်းစည်းတို့ဘာတို့ ဘာမှမရဘဲ လုပ်နေတာ။ အနံ့မခံ နိုင်အောင် မွှန်ထူနေတဲ့အချိန်က ပေါင်းအိုးဖွင့်တဲ့အချိန်ပဲ။ အစကဆို အဲ့ဒီအနံ့ရရင် နှစ်ရက် လောက် ထမင်းတောင် မစားနိုင်ဘူး´´ ဟု အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ရော်ဘာစက်ရုံမှ လုပ်သားများမှာ လုပ်ခလစာကောင်းမွန်သည့်အတွက် စားဝတ်နေရေး အခက်အခဲကြောင့် စက်ရုံ၌ ဆက်လက်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း စက်ရုံလုပ်သားတို့က ဆိုသည်။
အဆိုပါစက်ရုံမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ စတင် လည်ပတ်ကတည်းက နှာခေါင်းစည်းနှင့် အခြားကာကွယ်မှုဆိုင်ရာပစ္စည်းများ မရှိကြောင်း သိရသည်။
``သူတို့ပြောတာတော့ ခေါင်းတိုင်မြှင့်လိုက်တဲ့အတွက် အနံ့ဆိုးက ၇၀ ရာခိုင်နှုန်း လျော့ကျသွားပြီပြောတာပဲ။ ကျွန်တော်တို့ အတွက်တော့ မထူးသာပဲ။ အနံ့က လူသေပုပ်အနံ့ထက် ဆိုးတယ်။ ဆရာဝန်တွေပြောတဲ့ ရောဂါတွေတော့ ကျွန်တော် နားမလည်ဘူး။  လက်တွေ့ ကတော့ အနံ့တွေ ရှုရတာများတော့ အသက်ရှူရင် အောင့်လာတယ်။ ဒီအနံ့တွေရှုမိလို့ အခု ပိုက် တပ်ပြီးအသက်ရှင်နေရတဲ့သူတောင် လက်တွေ့ရှိတယ်´´ဟု အဆိုပါစက်ရုံအနီးရှိ ဒဂုံအရှေ့ ၁၀၈ ရပ်ကွက် မှ အုပ်ချုပ်ရေးမှူး ကိုကျော်ရွှေ ပြောသည်။

အလုပ်ရုံတွင် နေ့စားအလုပ်သမားများလည်းရှိသည့်အတွက် အလုပ်သမားဦးရေ တိတိကျကျ မသတ်မှတ်နိုင်ကြောင်း စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးခင်မောင်ဝင်းက ပြောသည်။ သို့သော် စက်ရုံ အလုပ်သမားများ၏ ပြောဆိုချက်အရ စက်ရုံလည်ပတ်ရန် အနည်းဆုံး အလုပ်သမား ဦးရေ (၆၀) မှ (၇၀) ၀န်းကျင် အထိ ရှိကြောင်း စက်ရုံဝန်ထမ်းများထံက သိရသည်။
ရော်ဘာစက်ရုံမှ ထွက်ရှိသော အနံ့မှာ ရေတိုအနေနှင့်ဆိုပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရရှိနိုင်ကြောင်းနှင့်   ရေရှည်တွင် ဆီးအိမ်ကင်ဆာနှင့် အစာအိမ်ကင်ဆာကဲ့သို့သော ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ကြောင်း အထွေထွေရောဂါကု   ဒေါက်တာမြင့်ဦးက ဆိုသည်။
အဆိုပါ အနံ့ဆိုးများအားခံနိုင်ရည်မရှိသည့် ဒေသခံများမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ (၁၈)ရက်နေက စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အလုပ်ရှင်ဘက်မှ ၂၀၁၂ ခုနှစ်အကုန်တွင် အနံဆိုး လုံးဝ မထွက်အောင် လုပ်ပေးမည်ဟု နှုတ်ဂတိပေးခဲ့သည်။
ထို့ကြောင့် စက်ရုံပိုင်ရှင်များမှ ၇၅ ပေ ရှိ ခေါင်းတိုင်အမြင့်ကို ၂၅ ပေ ထပ်တိုးမြှင့်တင်ခဲ့သည်။

 ယခုအကြိမ်တွင် စက်ရုံရှိ အနံ့ဆိုးများအား နည်းပါးစေရန်စက်များ ၀ယ်ယူတပ်ဆင်သွားရန် အတွက် အစီအစဉ်ရှိကြောင်းကိုလည်း သိရသည်။
အခုဖြစ်တဲ့ ကိစ္စမှာ ပြဿနာက နှစ်ခုပဲ ရှိတယ်။ စက်မှုဇုန်က လူနေရပ်ကွက်နဲ့ နီးတယ်။ နောက်တစ်ခုက လူနေရပ်ကွက်က စက်မှုဇုန်နဲ့ လာနီးတယ်။ တခြားနိုင်ငံတွေမှာဆိုရင် စက်မှုဇုန်တွေနဲ့ လူနေရပ်ကွက်တွေက အဝေးကြီးပဲ ဟု စက်ရုံမှူး ဦးခင်မောင်ဝင်းက ပြောသည်။
အဆိုပါစက်ရုံမှ အနံ့ဆိုးထွက်ရှိမှုကြောင့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စက်ရုံအနီးရှိ ရပ်ကွက်များဖြစ်သော (၁၀၈) ရပ်ကွက်နှင့် (၁၃) ရပ်ကွက်များမှ ဒေသခံလူဦးရေ ( ၁၅၀) ခန့် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခဲ့ကြသည်။
www.MyanmarExpress.net

1 comments:

Get out this polluted factory to MEG.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်