လူအများ ရုတ်တရက် ထိတ်လန့်သွားစေသည့် သတ္တဝါသည် အသေကောင် တစ်ကောင်သာ
ဖြစ်နေကြောင်း နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူများက
ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ
မြေအောက်ရထား တစ်စင်းပေါ်၌ ငါးမန်းတစ်ကောင် ရောက်ရှိနေသဖြင့် တာဝန်ရှိသူများ
အလုပ်များသွားခဲ့သည်။ လူအများ ရုတ်တရက် ထိတ်လန့်သွားစေသည့် သတ္တဝါသည်
အသေကောင် တစ်ကောင်သာ ဖြစ်နေကြောင်း နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးဌာန
တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရထားအတွင်း သမားရိုးကျ မဟုတ်သော
ခရီးသည်ကို ခုံတန်းရှည်များပေါ်တွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ငါးမန်းသည် အရှည်(၄)ပေမျှရှိပြီး ကွင်းစ်သို့ ဦးတည်ထွက်ခွာသော ရထားပေါ်
ပါလာခြင်း ဖြစ်သည်။ ငါးမန်းသည် ကိုယ်အင်္ဂါ စုံစုံလင်လင် ရှိနေပြီး
တွေ့ရှိချိန် ကတည်းက သေဆုံးနေခဲ့ကြောင်း သိရှိရသည်။
ယခင်က ခိုများနှင့် အော့ပိုဆမ်ခေါ် သားပိုက်ကောင် တစ်ကောင်သည်
ယင်းကဲ့သို့ ရထားပေါ်တွင် ပါလာဖူးသော်လည်း ပင်လယ် သမုဒ္ဒရာထဲတွင်
နေထိုင်ကျက်စားသည့် ငါးမန်းတစ်ကောင် ကုန်းခေါင်ခေါင် ရထားပေါ်
ရောက်နေခြင်းမှာ အံ့ဩစရာ ဖြစ်ခဲ့သည်။ အဆိုပါငါးမန်း ရထားပေါ် မည်သို့မည်ပုံ
ပါလာသည် ဆိုခြင်းမှာ ယခုအချိန်ထိ အဖြေမသိရသေးချေ။ နယူးယော့ခ်ရှိ
ဘရွတ်ကလင်းတွင် နေထိုင်သော အစ်ဗတ်ဗာဒါက အဆိုပါ ငါးမန်းကို
ဓာတ်ပုံရိုက်ကူးခဲ့သည်။ ရထားပေါ်တွင် ညှီနံ့ပြင်းပြင်း ရနေသည်ကို သတိပြုမိ၍
သူမက လိုက်လံရှာဖွေရင်း အဆိုပါ ငါးမန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"ဒီမြို့ကတော့ အံ့ဩစရာတွေ၊ ထူးထူးဆန်းဆန်းတွေ ဖြစ်နေကျပါ။ ဒါပေမဲ့ ဒါကတော့
နည်းနည်းလွန်သွားပြီ"ဟု သူမက BBCသို့ မှတ်ချက်ပြု ပြောဆိုသွားသည်။