From :
..the voice
.. www.MyanmarExpress.net
လွန်ခဲ့သော နှစ်ရက်ခန့်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အီဂျစ် သမ္မတဟောင်း
မော်စီကို ထောက်ခံသော မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ဆန္ဒပြသူများကို အီဂျစ်
စစ်တပ်က အင်အားသုံး ဖြေရှင်းခဲ့ခြင်းကို ကမ္ဘာ့ နိုင်ငံများနှင့်
အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ပြစ် တင် ပြောကြားခဲ့သော်လည်း
အီဂျစ်အပေါ် ထားသော မူဝါဒကိုမူ ပြောင်းလဲ သွားမည် မဟုတ်ကြောင်း အမေရိကန်
အစိုးရ၏ ပြောကြားချက်ကို New York Times သတင်းတွင် ဖော်ပြထားသည်။
မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ဆန္ဒပြသူများကို အီဂျစ် စစ်တပ်က အင်အားသုံး ဖြေရှင်းခဲ့ခြင်းကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သည့် ကိစ္စသည် အလွန် ဆိုးဝါးသော လုပ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် အီဂျစ် ပြည်သူများ၏ လိုလား တောင့်တနေသည့် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီရေးတို့ကို တန်ပြန်သွားစေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။
ထို့ပြင် အီဂျစ် စစ်တပ်၏ အရေးပေါ် အခြေအနေ ကြေညာထားခြင်း ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး အီဂျစ်ပြည်သူ အားလုံးကို တည်တည်ငြိမ်ငြိမ် ရှိကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းထားသည်။
အီဂျစ် ကိစ္စနှင့် ပတ်သက်၍ “ကျွန်တော်တို့ အနေနဲ့ အီဂျစ် စစ်တပ်နဲ့ လုံခြုံရေးတွေကို မကြာခဏ ပြောနေတာကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ လူ့အခွင့်အရေးကို လေးစားကြဖို့ပါပဲ” ဟု အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနတ်က သတင်းထောက်များ ကို ပြောကြားသည်။
အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနတ် ၏ ပြောကြားချက်အရ အမေရိကန် အစိုးရသည် အီဂျစ်အပေါ် ထားရှိသော မူဝါဒမှ ပြောင်းလဲမည့် အရိပ်လက္ခဏာ မတွေ့ရကြောင်း အဆိုပါ သတင်း တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် အီဂျစ် စစ်တပ်နှင့် ဆက်ဆံရေးတွင် ကောင်း မွန်သော အနေအထားတွင် ရှိနေပြီး အီဂျစ် သမ္မတဟောင်း မော်စီကို ပြန် လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ရှောင်ရှားရန် အီဂျစ် စစ်ဗိုလ်ချုပ်များ ကို တိုက်တွန်းထားသော်လည်း အီဂျစ်သို့ ပေးအပ်နေသည့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးရှိသော စစ်ရေး အထောက်အပံ့ များနှင့် အရပ်ဘက် အထောက်အပံ့များကို ဖြတ်တောက်ဖွယ် မရှိပေ။
“အမေရိကန် အနေနဲ့ အီဂျစ်အပေါ် ထောက်ပံ့နေမှုတွေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်သွားပါမယ်” ဟု အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနတ်က ပြောကြား သည်။
အီဂျစ် စစ်တပ်၏ လုပ်ရပ်များကို ကန့်ကွက်သည့် အနေနှင့် အီဂျစ် ကြားဖြတ် အစိုးရအဖွဲ့၏ ဒု-သမ္မတ ရာထူးမှ နုတ်ထွက်သွားသော အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ ဥက္ကဋ္ဌဟောင်း အယ်လ်ဘာရာဒေးနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောကြားသည်။
ဒု-သမ္မတ ရာထူးမှ အယ်လ်ဘာရာဒေး နုတ်ထွက်သွားခြင်းသည် အီဂျစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ ၎င်းနှင့် ဂျွန်ကယ်ရီတို့ သည် အီဂျစ် နိုင်ငံရေး အလုပ်ဖြစ်မည့် လမ်းကြောင်းပေါ် ရောက်လိုသည့် သဘောထား တူညီကြကြောင်း ၎င်းက ပြောကြားသည်။

.jpg)

1 comments:
မြန်မာတွေ နမူ နာ ယူသင့် ပါတယ်လေ။ ဒီမိုကရေ စီ ခရီး အစ မှာ တပ်ကို ထိခိုက်စေ မဲ့ စကား မျီူးတွေ မပြော သင့် ပါ။။တပ်မတော်သားများ ခံစား ချက်ကို လွှတ်တော် အမတ်များ နား လည်ပေး သင့် သည်။။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်