From :
.. the voice
.. www.MyanmarExpress.net
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar
ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့်
Miss Grand Myanmar မထားထက်ထက်ကို သွားရောက် ယှဉ်ပြိုင်ဖြစ်ပုံနှင့်
လေ့ကျင့်ပြင်ဆင်ပုံများအကြောင်း၊ ပြိုင်ပွဲနှင့် ပတ်သက်သည့်
ရည်မှန်းချက်များကို The Voice မှ သွားရောက် မေးမြန်းထားခြင်း ဖြစ်ပါတယ်။
Voice ။ ။ အရင်ဆုံး ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
HHH ။ ။ ဒီပွဲကို ဝင်ပြိုင်ဖြစ်တာက Miss တစ်ယောက်အနေနဲ့ ကိုယ်က မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ချင်တာပါ။ အရင်က ကျွမ်းဘားကစားတုန်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အခြားနိုင်ငံမှာလည်း သွားပြိုင်ဖူးတယ်။ အဲလိုမျိုးပဲ ကိုယ့်နိုင်ငံ အကျိုးပြုနိုင်တဲ့၊ ကိုယ့်နိုင်ငံကို ဂုဏ်ယူနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့ စိတ်မျိုးရှိလို့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ Miss တစ်ယောက် ဖြစ်ချင်လို့ ဝင်ပြိုင်ဖြစ်တာပါ။
Voice ။ ။ ကျွမ်းဘားမယ် အနေနဲ့လည်း ယှဉ်ပြိုင်ဖူးပြီးတော့ အခုလည်း အလှမယ် တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
HHH ။ ။ အဲဒီနှစ်ခုကတော့ ကွာပါတယ်။ အလှမယ် ပြိုင်ပွဲနဲ့တော့ သိပ်မတူပါဘူး။ အလှမယ်ဆိုတာက အကုန်လုံး ကိုယ့်ရဲ့အပြင်ပိုင်းပုံစံ အလှအပတွေ ရှိရမယ်။ ယုံကြည်မှု ရှိရမယ်။ ကျွမ်းဘားကစားတာ ကျတော့ အားကစားဆိုတော့ ကိုယ်လေ့ကျင့်ထားတဲ့ ကိုယ့်ရဲ့အတိုင်းအတာကို သိတယ်။ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မလဲ ဆိုတာကို အစတည်းက ယုံကြည်မှု ရှိတယ်ပေါ့။ ဒီ Miss တစ်ယောက်အနေနဲ့ ကျတော့ ငါ့ကိုယ်ငါ သူများလက်ခံနိုင်တဲ့သူ ဖြစ်ရဲ့လား၊ အလှအပကရော ပြည့်စုံရဲ့လားဆိုတဲ့ စိတ်မျိုးတွေ ဝင်မိတယ်။ ဒီဟာကကျတော့ ခန္ဓာကိုယ် အလှအပတစ်ခုတည်း မဟုတ်ဘူး။ စိတ်အလှအပ၊ ကျန်းမာကြံ့ခိုင်ရမယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ ကြွယ်ဝရမယ် အဲ့လိုမျိုးတွေပါ ယှဉ်ပြိုင်ရမှာဆိုတော့ စိတ်လှုပ်ရှားနေပါတယ်။
Voice ။ ။ ကျွမ်းဘားလည်း ကစားခဲ့တာဆိုတော့ ကျွမ်းဘားနဲ့ ပတ်သက်ပြီး ဘယ်တုန်းကစပြီး စိတ်ဝင်စားတာလဲ။ ဆုတွေဘာတွေရော ရခဲ့လား။
HHH ။ ။ ကျွမ်းဘားကို အသက် ၆ နှစ်တည်းက ဆော့ခဲ့တာပါ။ အသက် ၁၆ နှစ်အထိ ၁၀ နှစ်ကြာ ဆော့ခဲ့ပါတယ်။ မြန်မာ့ လက်ရွေးစင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီး ရဖူးပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ SEA Games ကိုနှစ်ခါပြိုင်ဖူးပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဗီယက်နမ်မှာ တစ်ခါ၊၂၀၀၅ခုနှစ်မှာ ဖိလစ်ပိုင်မှာတစ်ခါ ပြိုင်ဖူးပါတယ်။ အဲဒီမှာပြိုင်တဲ့ အချိန်မှာတုန်းက မြန်မာနိုင်ငံက ကျွမ်းဘားကစားတဲ့လူက နည်းတယ်။ အစ်မ တစ်ယောက်ပဲ ရှိတယ်ပေါ့။ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် ပစ္စည်းအနေအထား ကွာခြားချက်တွေရှိလို့ ဆုတော့ မရခဲ့ပါဘူး။ ဒါပေမဲ့ Top Ten ထဲတော့ ဝင်ခဲ့ပါတယ်။
Voice ။ ။ အခုပြိုင်ပွဲက နိုဝင်ဘာလမှ သွားပြိုင်ရမှာဆိုတော့ ပြင်ဆင်ဖို့ အချိန်တွေ ရသေးတယ်လေ။ အဲဒီအတွက်ရော ဘယ်လို ပြင်ဆင်မှုတွေ လုပ်သွားမှာလဲ။
HHH ။ ။ ဟုတ်ကဲ့။ အစ်မက အချိန်တွေ အများကြီး ရတယ်ဆိုတော့ ပြင်ဆင်မှုတွေက အများကြီး လုပ်လို့ရပါတယ်။ အခု လက်ရှိတော့ ကျွမ်းဘားကို ဆက်ပြီး ဆော့နေပါတယ်။ Performance အတွက်ပေါ့။ ပြိုင်ပွဲမှာ Talent ပြိုင်ပွဲပါတယ်ဆိုတော့ အဲ့ဒါကို ပြဖို့ရှိပါတယ်။ အစ်မက စောင်းလည်း တီးပါတယ်။ အဲ့ဒါကြောင့် မြန်မာ့စောင်းနဲ့ ကျွမ်းဘားကို ပြဖို့အတွက် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ Organizer ကနေလည်း လေ့ကျင့်မှုတွေ လုပ်ပေးပါတယ်။
Voice ။ ။ ဒီပြိုင်ပွဲမှာ Swim suit (ရေကူးဝတ်စုံ) လည်းပါတယ်လို့ သိရပါတယ်။ အဲဒီအတွက်ရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေလဲ။
HHH ။ ။ ဒီ Swim suit ကကျတော့ သူတို့က အဓိကကြည့်တာက ပြိုင်ပွဲဝင်တွေရဲ့ ကျန်းမာကြံ့ခိုင်တဲ့ ပုံစံကိုပါ။ Miss တစ်ယောက်က ဘယ်လောက်ထိ ကျန်းမာလဲဆိုတာကို သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားက ဘယ်လောက် တည်မြဲမှုရှိလဲ ဆိုတာတွေကို စစ်တဲ့ပွဲဆိုတော့ အများကြီး Train လုပ်ရပါတယ်။ Miss တစ်ယောက်က အဲ့ဒီဝတ်စုံ ဝတ်လိုက်တဲ့ အချိန်မှာ အဆီတွေ နဲ့ ဖုံးနေတာမျိုး မဖြစ်အောင်လို့ အဲ့အတွက် အသေးစိတ် လေ့ကျင့်မှုတွေ လုပ်နေပြီးတော့ အခုလည်း Gym ဆော့ပါတယ်။
Voice ။ ။ အဲဒီလိုမျိုး Swim suit (ရေကူးဝတ်စုံ) ဝတ်စုံ ဝတ်ရမှာဆိုတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
HHH ။ ။ ဒီလို Swim suit ဝတ်ရတာက မြန်မာနိုင်ငံက လူတွေအမြင်မှာတော့ တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဟာက ပြိုင်ပွဲစည်းကမ်းအရဆိုတော့ ပြည်သူတွေကို ပြိုင်ပွဲ စည်းကမ်း တစ်ခုအနေနဲ့ပဲ မြင်စေချင်ပါတယ်။ ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ရတယ်ဆိုတာကိုပဲ လက်ခံပေးစေချင်ပါတယ်။ ကျွမ်းဘားပြိုင်တုန်းကလည်း အဲဒီလိုမျိုး အပြတ်နဲ့ပဲ ပြိုင်ရတာပါ။ အပြတ်နဲ့ မပြိုင်လို့ရှိရင် မြန်မာနိုင်ငံကဆိုပြီး ခြွင်းချက်အနေနဲ့ လုပ်ပေးမှာ မဟုတ်ပါဘူး။ လုပ်တဲ့ပွဲက နိုင်ငံတကာနဲ့ ယှဉ်ရတဲ့အတွက် ကိုယ်မပြိုင်ရင် အမှတ်မရဘူး။ ရှုံးမှာပါပဲ။ အဲဒီအတွက် ပြိုင်ပွဲဝင် စည်းကမ်းအရတော့ ပြိုင်ရမှာ ဖြစ်ပါတယ်။
Voice ။ ။ အစ်မရဲ့ အကြောင်းကို ပရိသတ်ကို မိတ်ဆက်ပေးပါဦး။ အသက်က ဘယ်လောက်လဲ။ ပညာအရည်အချင်းကရော။
HHH ။ ။ အစ်မရဲ့ အသက်အမှန်က ၂၃ ပါ။ ဒါပေမဲ့ ပတ်စ်ပို့မှာ လုပ်ထားတာကတော့ ၂၄ နှစ် အရွယ်နဲ့ပါ။ ပညာအရည်အချင်းကတော့ အင်ဂျင်နီယာနဲ့ ကျောင်းပြီး ပြီးပါပြီ။
Voice ။ ။ ဒီပြိုင်ပွဲအတွက် လျှောက်လွှာက သီးသန့်မဟုတ်ဘဲနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၃ မှာရှိတဲ့ Miss Supranational ပွဲအတွက် ခေါ်ရင်းနဲ့မှ ရွေးထုတ်လိုက်တာ ဆိုတော့ Miss Supranational ပွဲနဲ့ လွဲခဲ့ရတဲ့ အပေါ်ရော ဘယ်လိုခံစားမိလဲ။
HHH ။ ။ အဲဒါကတော့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှ ရွေးချယ်တဲ့ သဘောပေါ့နော်။ ဒါကတော့ Organizer နဲ့ဆိုတာပေါ့။ အစ်မ အနေနဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် တခြားနိုင်ငံမှာ သွားပြိုင်ရတယ်ဆိုတော့ Miss Myanmar တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။ ကိုယ်နိုင်ငံကို ကိုယ်စားပြုရမှာဆိုတော့ ရင်ထဲမှာ ဝမ်းမြောက်မိပါတယ်။ ဘယ်ပွဲမဆို ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။
Voice ။ ။ သွားပြိုင်ရမှာက နိုင်ငံတကာနဲ့ဆိုတော့ ဘာသာစကားကိုရော ဘယ်နှမျိုးလောက် တတ်မြောက်ထားလဲ။
HHH ။ ။ ဘာသာစကားကတော့ လေးမျိုးတတ်ပါတယ်။ အင်္ဂလိပ်၊ ကိုရီးယား၊ တူရကီ ဘာသာရယ်၊ တရုတ်စကားရယ် တတ်မြောက်ထားပါတယ်။
Voice ။ ။ အရင်ကလည်း ကျွမ်းဘား ကစားဖူးတဲ့ Miss တစ်ယောက်အနေနဲ့ အားကစားဘက်မှာရော ဘာတွေဆက်လုပ်ဖို့ရှိလဲ။
HHH ။ ။ အစကတော့ လာမယ့် Sea Games မှာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ ခါးမှာ ဒဏ်ရာ ရထားတော့ ဝင်မပြိုင်နိုင်တဲ့ အတွက်ကြောင့် ကိုယ်တိုင်အားကစားလုပ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ Sea Games ပြိုင်ပွဲမှာ ကိုယ့်ဘက်က လုပ်ပေးနိုင်တာ မှန်သမျှကို လုပ်ပေးဖို့ ရှိပါတယ်။
Voice ။ ။ ပရိသတ်ကိုရော ဘာများပြောချင်တာ ရှိသေးလဲ။
HHH ။ ။ ဟုတ်။ ညီမရဲ့ Grand International ပြိုင်ပွဲအတွက် စပြီးတော့ Vote ပေးလို့ရပါပြီ။ Facebook အကောင့်ရှိတဲ့ လူတိုင်းတစ်ယောက်ကို မဲ ၂၀ ပေးလို့ရပါပြီလို့ ပြောချင်ပါတယ်။ ညီမကို အားမပေးချင်တောင်မှ မြန်မာနိုင်ငံက Miss တစ်ယောက်အနေနဲ့ အားပေးပါလို့ ပြောချင်ပါတယ်။ လက်ရှိမှာတော့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ အဲဒါကြောင့် Miss Popular ဆိုတဲ့ဆုကို ပရိသတ်ကြီးကြောင့် ရချင်ပါတယ်။
(ဟန်သူထွန်း)

2 comments:
ဆုတောင်းပေးနေမယ်နော် "မြန်မာမလေးရပါစေ"
Who sponsor this competition and what are the objectives? Why is the name of this competition "Miss Grand Myanmar" instead of "Miss Grand Thailand"? It is weird that Miss Grand Myanmar competition is going to conduct in foreign country instead of this Motherland.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်