Subscribe to our RSS Feed

ကြီး(၃)ကြီး၊ လပေါင်း(၃၀) နှင့် မာယာပေါင်း အနန္တ

From : ..messenger

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်နှင့်အစိုးရ ပွတ်တိုက်မှုများ ရှိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်သည့် နောက်ပိုင်းတွင် မြန်မာ့အရေး အလေးထားသော အင်အားကြီးနိုင်ငံများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါသည်။ စိုးရိမ်ပူပန်စွာဖြင့် အကဲခတ်လေ့လာမှုများ အရှိန်အဟုန် မြင့်မားလာခဲ့သည် ကိုလည်း တွေ့ရှိရပါသည်။ သမ္မတပြောကြားခဲ့သည့် ငြိမ်းချမ်းစွာဖြေရှင်းရေး ဆိုသော လမ်းကြောင်းအမှန် တစ်ကယ် ဖြောင့်ဖြောင့်တန်းတန်း ရှိနိုင်ပါ မည်လော။ မြန်မာ့နိုင်ငံရေးကြီး(၃)ကြီးဟု ဆိုကြသော ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့အကြား အားပြိုင်မှုများသည် ဖြောင့်တန်းမလား၊ ကောက် ကွေ့မလား ဆိုသည်ကို အဆုံးအဖြတ်ပေးတော့ မည် ဖြစ်ပါသည်။

ပေါက်ပင် ဘာကြောင့် ကိုင်း

ကြီး(၃)ကြီး၏ ဆက်စပ်မှုများကို လေ့လာဆန်းစစ် သုံးသပ်နိုင်သည့် အဖြေမှန် သည် ဒေါ်လာသန်း နှင့်ချီ၍ တန်ဖိုးရှိမည်မှာ အမှန်ပင်။ လတ်တလော မီဒီယာ များတွင် ပြည်သူ့လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အချေအတင် ဖြစ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး၏ ဧရာ ဝတီသတင်းဌာနနှင့် အင်တာဗျူးမှာ အတော်ကလေး ရေပန်းစားနေ သည်။ တပ်မတော်သားဟောင်း ဟု သိရှိရသော ဦးမောင်တိုးသည် သူရ ဦးရွှေမန်း၏ လက်ရုံးတစ်ဆူ သဖွယ် ထွက်ပေါ်လာပြီး စင်တင်ပွဲထုတ်မှု များ ခပ်စိပ်စိပ် ဖြစ်လာသည်ကိုကြည့်ခြင်းအားဖြင့် လွှတ်တော်တွင်း တပ်မတော် သားဟောင်း၊ ကြံ့ခိုင်ရေး အမတ်များ၏ အင်အားကို စုစည်းနေသည့် အနေ အထားမျိုး ဖြစ်လာခဲ့သည်။ အမျိုးသားလွှတ်တော်ဘက်တွင် တပ်မတော်သား ဟောင်းတစ်ဦးဖြစ်သည့် ဦးလှဆွေမှာ ကချင်စစ်ပွဲကာလ၌ တပ်မတော် ဘက် က မား မားမတ်မတ် ရပ်တည်ခဲ့ခြင်းကြောင့် လူအများသတိထားမိလာသူ ဖြစ်သည်။

ပြင်ပ၌ ထွက်ပေါ်နေသော သတင်းများကို လေ့လာကြည့်သည့်အခါတွင် ကြံ့ခိုင်ရေးပါတီသည် အစုအဖွဲ့၊ အင်အားစုများ အနည်းဆုံး သုံးလေးဖွဲ့ ကွဲပြားနေကြောင်း တွေ့ရှိရပါသည်။ ကြံ့ခိုင်ရေးပါတီ သည် မြန်မာ့ တပ်မတော် ၏ Proxy အဖြစ် ဖြစ်တည်မှု ရှိခဲ့သော်လည်း သက်တမ်း(၂)နှစ်ခွဲ ကာလအလွန် တွင် ကျောထောက်နောက်ခံ အင်စတီကျူးရှင်းကြီးကို ပြန်လည်တိုက်ခိုက်လာသည့် သဘောမှာ တော်ရုံ တန်ရုံ နိုင်ငံရေးလေ့လာသူ တို့ နားလည်ရခက်ခဲနေစေပါသည်။ လက်ရှိ တပ်မတော်အရာရှိကြီးအချို့တို့ ကလည်း ဦးမောင်တိုး၏ ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် တိုက်ရိုက်ခန့် ကိုယ်စားလှယ် အဆင့်အတန်း ခွဲ ခြားမှုကို အမျက်ထွက်လျက် ရှိကြောင်း ကြားသိရပါသည်။ ဦးမောင်တိုး၏ ဆိုလိုချက်မှာ ၇၅% နှင့် ၂၅% တန်းမတူ သည့် သဘောမျိုး ဖြစ်နေပါသည်။ လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အဆင့်အတန်း ခွဲလိုသည့် သဘောမျိုး ထုတ်ဖော်ပြောကြားလာသည် ကိုလည်း တွေ့ရှိရပါ သည်။

အမှန်မှာ တပ်မတော်သား ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဆန္ဒခံယူပွဲမှတစ် ဆင့် ပြည်သူလူထု၏ Mandate ဖြင့် တက်လာကြခြင်း ဖြစ်ပြီး ဦးမောင်တိုးအပါအဝင် ကြံ့ခိုင်ရေးကိုယ် စားလှယ်များမှာ ၂၀၁၀ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူလူထု၏ Mandate ဖြင့် တက်လာကြခြင်း ပင် ဖြစ်သည်ဟု သီအိုရီသမား တစ်ဦးက ဆိုပါသည်။ ယင်း၏ ပြောကြားလိုရင်း မှာ ၂၅% နှင့် ၇၅%၊ ၂၀၀၈ နှင့် ၂၀၁၀ အတူတူနှင့်အနူနူသာ ဟူ၍ ဖြစ်ပါ သည်။ ၂၀၁၂ ကြားဖြတ်မှာ သဘောအားဖြင့် မတူ ဟုလည်း ဆိုပါ သည်။ ဦးမောင်တိုး၏ ဧရာဝတီအင်တာဗျူး ပြောကြားချက်များကို အသေးစိတ် လေ့လာကြည့်လျှင် Right to Recall နောက်ကွယ်မှ အကြောင်းရင်းအချို့ အရိပ်အမြွက်မျှမကဘဲ အတော်များများ ပါဝင်နေပါသည်။ ဦးမောင်တိုး ကဲ့သို့သော တပ်မတော်သားဟောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်များသည် သူရဦးရွှေမန်း၏ အမာခံအင်အားစုများ ဖြစ်နိုင်ပါသည်။ စဉ်းစားရမည့် အချက်မှာ ဦးမောင်တိုးအပါအဝင် အရပ်ဝတ်ပြောင်း ကိုယ်စားလှယ်များ အားလုံး တပ်မတော်နှင့် အစွန်းတစ်ဘက်စီ ရောက်ရှိနေပြီလား ဟူသည့် မေးခွန်းပင် ဖြစ်ပါသည်။ ဤအချက်မှာ အရေးကြီးလှပါသည်။ အဆိုပါ ရပ်တည်မှု များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည့် မျှော်လင့်ချက်ကို ကိုင်လှုပ်နိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်ပါသည်။ “အမေကမွေး တပ်ကကျွေး” ၍ လူလူသူသူဖြစ်လာပြီး တပ်ကို ပြန်လည် ထိုးနှက်တိုက်ခိုက်ခြင်းကို တပ်မတော်သား အတော်များများက နှစ်သက်ကြ မည် မဟုတ်ဟုလည်း ကြားသိရသောကြောင့် ဖြစ်ပါသည်။

အခြေခံဥပဒေ တစ်ကယ် ပြင်ပေးမှာလား

ဒီနောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံသည့် သတင်း ထွက်ပေါ်လာရာ အမျိုးမျိုး ခန့်မှန်းနေကြပါသည်။ မည်သည့်အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း မသိရှိရသော်လည်း လွှတ်တော်နှင့်အစိုးရ အားပြိုင်မှုမှာ မပါမဖြစ် ပါဝင်မည်ဟုလည်း မှန်းဆ နေကြပါသည်။ ဟံသာဝတီဦးဝင်းတင် ပြောကြားထားသလိုပင် ယခု အားပြိုင်မှု ကြီးမားနေသည်မှာ သမ္မတ ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့နှစ်ဦးအကြားတွင်သာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်ပွား နေခြင်း မဟုတ်ပေ။ နိုင်ငံရေးလေ့ လာသူတို့ မေးမြန်းနေသည့် မေးခွန်းမှာ ဦးသိန်းစိန်နှင့် ဦးခင်အောင်မြင့် တို့ အကြားတွင် ဘာကြောင့် မဖြစ်သလဲ နှင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အကြားတွင် ဘာ ကြောင့် မဖြစ်သလဲ ဟူ၍ ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် သူရဦးရွှေမန်းနှင့်မှ ထိပ်တိုက်တိုးမိသည့် အခြေအနေများ ဖြစ်ပေါ်နေပါသနည်း ဟူသော အဖြေကို စဉ်းစားကြည့်လျှင် အားပြိုင်မှု၏ ဇစ်မြစ် အကြောင်းရင်းမှန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါမည်။

အဆိုပါအဖြေမှန်ကို ကြာကြာ စောင့်ဆိုင်းရဖွယ် မရှိပါ။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အဖြေထွက်လာပြီ ဆိုလျှင် သူရဦးရွှေမန်း၏ မဟာဗျူဟာကို တိတိကျကျ သိရှိလာကြပါ လိမ့်မည်။ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်နိုင်ရန် သူရဦးရွှေမန်းက စွမ်းဆောင်ပေးနိုင်ခဲ့လျှင်တော့ မှတ်ကျေက်တင်ဖွယ်ရာ ဖြစ် လာပါလိမ့်မည်။ လောလောဆယ်တွင်တော့ အခြေခံဥပဒေ ပြင်ဆင်ရာတွင် သော့ချက်ဖြစ်သော တပ်မတော်နှင့် ဆက်ဆံရေး ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းသည် ပေးအပ်ထားသော ကတိများနှင့် လုပ်ဆောင်မှုများ အလွဲလွဲအချော်ချော် ဖြစ်နေသလား စဉ်းစားစရာ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစု ကြည် သမ္မတ မဖြစ်စေရန် ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါလျှင် ၂၀၁၆ ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိဖွယ်ရာ ရှိသော ဒေါ်အောင်ဆန်းစုကြည် အမည်စာရင်းပေး တင် မြှောက်မည့် NLD သမ္မတလောင်းသည် မည်သူ ဖြစ်နိုင်ပါသနည်း။ လက်ရှိ NLD ခေါင်းဆောင်များတွင် မည်သည့် ပုဂ္ဂိုလ်များက လောက်လောက် လားလား ရှိနေပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာ မိတ်ဝန်ရိုးတန်း ဖွဲ့ထားသော သူရဦးရွှေမန်းသည် ဤ Nomination တွင် ပါဝင်နိုင်ဖွယ်ရာ တစ်ကယ် ရှိနေ ပြီလား။ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို ရရှိနိုင်ရန်အတွက် ကြီး(၃)ကြီးအားပြိုင်မှုများ ဖြစ်ပေါ် နေရခြင်းလား စသည်တို့မှာ မြန်မာ့နိုင်ငံရေးလေ့လာသူတို့အတွက် အလေးအနက်ထား သုံးသပ်ရမည့် ပုစ္ဆာများ ဖြစ်နေလေပြီ။

လပေါင်း(၃၀)၊ မာယာပေါင်းအနန္တ

ဖွဲ့စည်းပုံအခြေခံဥပဒေကရော တစ်ကယ်ပြင်ဖို့ လိုအပ်နေပြီလား။ မကြာသေးခင်ကပင် လွှတ်တော်နှင့် နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက် နေသည့် ဆရာကျော်ဝင်း၏ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ သတိပေး ဆောင်းပါးတစ်ပုဒ် ထွက်ရှိလာခဲ့ပါသည်။ ပေးထားချက်ကို မူသေထား၍ ပုစ္ဆာတွက်ကြရန် ထိုသို့မဟုတ်ပါက ဒီမိုကရေစီနောက်ပြန်လှိုင်း အရိုက်ခံ ရမည်ကို အလေးထား သတိပေးခြင်း ဖြစ်သည် ဟု မှတ်ယူမိပါသည်။ ကြီး(၃)ကြီးအကြား အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ထွက်ရှိလာ ခြင်း မရှိသေးပါ။ ပြင်ပဒီမိုကရေစီအင်အားစုများက အသစ်ရေးဖို့ တစ်ခဲနက်ကြွေးကြော်နေကြပါသည်။ လက်ရှိအခြေခ့ဥပဒေသည် လုံးဝ သုံးမရတော့ဟု သတ်မှတ်လိုက်ကြပြီလား စဉ်းစားစရာ ဖြစ်နေပါသည်။ ဖြစ်နိုင်ချေကို တည်၍ စဉ်းစားသုံးသပ်သောနည်းလမ်းက ပိုမို၍ အသုံးတည့်နိုင် မည် ဖြစ်ပါသည်။ ကြီး(၃) ကြီးတို့၏ မာယာကို သေသေချာချာ နားလည်ခြင်း မရှိပါဘဲ အသစ်ရေးဆွဲရေးလမ်းကြောင်းကို လျှောက် လှမ်းရန် စီစဉ်လာခဲ့ပါက မာယာကို မာယာမှန်းသိသောအချိန်တွင် အခါနှောင်းသည့် နောင်တ တရားများ သာ ပွေ့ပိုက်ရပေလိမ့်မည်။

မှန်းဆရ အခက်ခဲဆုံးသော မာယာမှာ နိုင်ငံရေးသမားတို့၏ မာယာဖြစ် ပါသည်။ အခြေခံဥပဒေ ဘောင်အတွင်း ကပင် အကဲဆတ်သည်များအား အမာရှောင်-အပျော့တိုက်သည့် နည်းလမ်းကို စဉ်းစား ကြည့်ကြရန် လိုအပ်နေပါသည်။ မဖြစ်နိုင်မှန်းသိသိနှင့် အမှန်တရားဘက်တွင် မျက်စေ့ စုံမှိတ်ရပ်တည် သော နိုင်ငံရေးသမားတို့သည့် လက်ခုပ်သံတဖြောင်းဖြောင်း ရရှိမည့် အဘိဓမ္မာသမားများ ဖြစ်ကြပါသည်။ သို့ရာတွင် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ချေကို စားပွဲပေါ်တင်ရသည့် ကစားပွဲ ဖြစ်ပါသည်။ ၁၀၀ ပုံ ၁ ပုံ သာ လျှင် ဖြစ်နိုင်ချေရှိသည့်ဘက်ကို ပုံအောတော့မည် ဆိုလျှင် ခါးသီးသော ရလာဒ်များကို လက်ခံနိုင်ရဲ သော သတ္တိ လိုအပ်လာပါလိမ့်မည်။ (၂)နှစ်ခွဲသာ သုံးရသေးသော်လည်း အပြည့်အဝ အသုံးမချရသေး သည့် အခြေခံဥပဒေ တစ်ခုကို အသစ်ရေးဆွဲမည် ဟု ဆိုလျှင် နောက်ပြန်လှိုင်းတို့ ပြင်းပြင်းထန် ထန် ရိုက် ခတ်လာသောအချိန်ရောက်မှ နောင်တ မရကြစေလိုပါ။ အခြေခံ ဥပဒေတွင် ပေးထားသော ပေးထားချက် များ ကုန်စင်အောင် သုံးပြီးကြ ပါပြီလား။ ယခုပင်လျှင် Right to Recall ကို လွှတ်တော်ကိုယ်စားလှယ်များ က ပိတ်ပင်တားမြစ်ထားသည်ကို သတိပြုကြဖို့ လိုပါသည်။ အခြားသော အခွင့်အရေးများရော ရနေကြပါ ပြီလား စဉ်းစားကြဖို့ လိုပါသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး၏ ပြောကြားချက်များသည် သူရဦးရွှေမန်း၏ သဘောထားကို ထင်ဟတ်နေသည် ဟု ယူဆမည်ဆိုလျှင် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော် ထဲက ဖြုတ်ကိုဖြုတ်ရမှာပါ ဆိုသည့် စဉ်းစားချက်သည် ၂၀၁၆ ရွေးကောက်ပွဲများ မတိုင်မီ ဖြစ်လာနိုင်ပါ မည်လား။ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလေ့လာသူများ အထူးသတိထား ရမည့် အချိန်အခါသည် လက်ရှိ ရောက်ရှိနေသော နေရာ ဖြစ်ပါသည်။ ကြီး(၃)ကြီးနှင့် လပေါင်း(၃၀)သည် မာယာတစ်သိန်း အပလိန်း အနန္တနှင့် ပြည့်နှက်နေဦးမည် ဖြစ်ပါသည်။ အခြေခံဥပဒေနှင့်ပတ်သက်၍ နှလုံးသားနှင့် မကြည့်ဘဲ ဦးနှောက်နှင့် သုံးသပ်မှသာ အဖြေမှန်ကို ရရှိနိုင်ပါလိမ့်မည်။ ဒီမိုကရေစီကူးပြောင်းရေးတွင် နိုင်ငံရေး ရေလိုက်လွဲလျင် တိုင်းပြည်ကို စတေးရမည်ကို နိုင်ငံရေးသမားတို့ မမေ့မလျော့ သတိပြုကြစေလိုပါသည်။


 .. www.MyanmarExpress.net
 

3 comments:

Alel Ga Kaung Ma Gyi Har Ko Lo Ni Loo Htar Telt Kaung Ma Bel, Kyet Tha Yay Melt Leit Htar.

နိုင်ငံရေးမှာအားပြိုင်တာကတော့မဆန်းပါဘူးဒါပေမဲ့ပြည်ထောင်စုကိုထိခိုက်လာရင်တော့
ဆန်းလာပါလိမ့်မယ် အခြေခံဥပဒေကိုတပ်မတော်ကကာကွယ်ရမယ်
လို့ဆိုတယ် တစ်ဘက်ကပြင်ချင်တဲ့ဘက်မှာလဲတပ်မတော်သားတွေရှိနေ
ပြန်တယ် ဗိုလ်ချုပ်သမီးရဲ့ပတ်သက်မှု့တွေလဲရှိနေပါတယ်
တစ်ချို့ဆရာတော်ကြီးတွေရဲ့လွှမ်းမိုးမှု့တွေလဲတွေ့ရပါတယ် အင်အားကြီး
နိုင်ငံတွေရဲ့ပရောဂတွေလဲရှိနေပါတယ် အချင်းချင်းမညီရင်ဒုက္ခတွေ့မယ်
သမ္မတရာထူးကြောင့်ပြည်ထောင်စုပြိုကွဲမယ်ဆိုရင်တော့ရှက်စရာလဲကောင်းပါတယ်
ပြောလဲမပြောတတ်တော့ပါပြီ

Messenger is a bull shit media. It is a bull shit article. It is only saying that it does not make out what is happening between, the President, U Shwe Man and Daw Su.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်