From :ခေတ်လူငယ်
နိုင်ငံတော်သမ္မတကြီး မိန့်ကြားသည့်အတိုင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ပစ္စည်းများ၊ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် ဟူသည့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုအား ဆွေးနွေးရန် သင့်မသင့်ကို ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ (ဇူလိုင်လ ၂၅ ရက်) တွင် လွှတ်တော်က ကန့်ကွက်မည့်သူ မရှိသဖြင့် လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတကြီးက “မိမိတို့အစိုးရဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်လျက် ရှိပါတယ်။ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တိုင်းသူပြည်သား များကလည်း မျှော်လင့်စောင့်စားလျက် ရှိပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်အတကယ် အရေးတကြီး လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေလည်း ရှိပါတယ်။ “အစိုးရဆိုတာ ပြည်သူ့ကိုယ်စား ပြည်သူတို့က အပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ကြသူများ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တို့ရဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတွေ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ အဲဒီလို ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှုတွေဟာ ရှိလာတာနဲ့အမျှ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ ပြည်သူတွေဟာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်လာကြမှာ ဖြစ်သလို ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာတာနဲ့အတူ ဥပဒေကို လေးစားလိုက်နာမှု၊ အုပ်ချုပ်ရေးအဖွဲ့အပေါ် ကျေနပ်အားရမှုတွေ တိုးပွားလာပြီး နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လာကြမှာပါ။ “ဒီအခါမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရက်တစ် တန်ဖိုးတွေ မြင့်မားလာမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မယ်။ ဒါကြောင့် ဒီအဆိုကို တင်သွင်းရတာပါ” ဟု အင်န်အယ်လ်ဒီ ပါတီဝင်လည်း ဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်သို့ ပြောကြားသည်။ အင်န်အယ်လ်ဒီပါတီဝင် ဦးဝင်းမြင့်၏ အဆိုသည် အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်သို့ တင်သွင်းလာသော ပထမဦးဆုံး အဆိုဖြစ်လာတော့သည်။ ၄င်းအဆိုကို ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ခံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်