Subscribe to our RSS Feed

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လျှို့ဝှက်ဆန္ဒမဲပေးကာ ပြန်လည်ရွေးချယ်သွားမည်


ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန်ပြီးပါက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လျှို့ဝှက်ဆန္ဒမဲပေးကာ ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀၊ အုပ်ချုပ်ရေးရုံး တစ်ရုံးလျှင် လစဉ်ရုံး အသုံးစာရိတ် ၅၀၀၀၀ ကျပ်ကို ချီးမြှင့်ထောက်ပံ့နိုင်ရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြပြီး ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံရန် လမ်းညွန်ခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါတယ်။ ၎င်းတင်ပြချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ စုအတွက် လစဉ်ထောက်ပံ့ငွေနှင့် ရုံးအသုံးအဆောင်စရိတ် ကုန်ကျငွေကို တစ်နှစ်လျှင် ကျပ်သန်းပေါင်း နှစ်သောင်းလေးထောင်ကျော် သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ကြေညာခြင်း၊ ဘဏ္ဍာငွေ အတည်ပြုချက်များ ရရှိအောင် ဆောင်ရွက်ပြီးစီးပါက အဲဒီ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ် တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ ဇူလိုင်လ တတိယပတ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်များထံ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရှိရသည်။ ထုတ်ပြန်လိုက်သော နည်းဥပဒေများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရပ်မိရပ်ဖငါးဦးကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ထို့နောက် ကြီးကြပ်ရေးအဖွဲ့သည် ဆယ်အိမ်စု ကိုယ်စားလှယ်များ ရွေးချယ်ပေးရမည်ဖြစ်ပြီး အတည်ပြုခံရသော ဆယ်အိမ်စု ကိုယ်စားလှယ် တစ်ဦးချင်းက ဖြစ်စေ၊ တစ်ဦးထက်ပိုသူများက ဖြစ်စေ မိမိတို့အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးရန် သင့်လျော်ကြောင်း အဆိုပြုလိုသော ပုဂ္ဂိုလ်၏အမည်ကို ကြီးကြပ်ရေးအဖွဲ့ထံ တင်ပြရမည်။ ကြီးကြပ်ရေးအဖွဲ့သည် တင်ပြသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြုစုပြီး ယင်းပုဂ္ဂိုလ်များ အနက်မှ တစ်ဦးကို ဆယ်အိမ်စု ကိုယ်စားလှယ်များ အားလုံးက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်စေရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်