Subscribe to our RSS Feed

Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက်ပျံသန်းမည်


From : 7 Day News Journal

Air Asia လေကြောင်းလိုင်းသည် လာမည့် အောက်တိုဘာမှ စတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက် ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့်ဘန်ကောက် ခရီးစဉ်ကိုလည်း တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် Mr.Tassapon Bijleveld ကပြောသည်။ အောက်တိုဘာ ၄ ရက်မှ စတင်၍ ဘန်ကောက်နှင့် မန္တလေးမြို့သို့ တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ် အေ ၃၂၀ ဖြင့် တိုက်ရိုက် ပျံသန်းပြေး ဆွဲသွားမည် ဖြစ်သည်။ ထို့အပြင် ရန်ကုန်နှင့် ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ “မြန်မာနိုင်ငံက Air Asia အလေးထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆွဲဆောင်မှုတွေ အများကြီးရှိနေပြီး ကမ္ဘာကြီးနဲ့ စတင်နီးကပ် ပွင့်လင်းလာနေလို့ပါ။ ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲလိုက်တဲ့ အတွက် ခရီးသည်တွေ အနေနဲ့ အဆင်ပြေမယ့် အချိန်ကို ပိုမို ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု Mr.Tassapon Bijleveld က ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှု အစီအစဉ်အဖြစ် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန် ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ် တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ၎င်းလေကြောင်းလိုင်းသည် အောက်တိုဘာ လဆန်းမှစ၍ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ လေယာဉ်ဆင်းသက်နေရာမှ ဒွန်မောင်းလေဆိပ်သို့ ပြောင်းလဲဆင်းသက်သွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်