Subscribe to our RSS Feed

မြနန်းစံကျော် ရွှေနန်းတော်ကို သမိုင်းဝင် ဥယျာဉ်အဖြစ် ပြသသွားမည်


From : .MRTV4

မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကို သမိုင်းဝင် ဥယျာဉ် အဖြစ် ပြသဖို့ စီစဉ်လျက် ရှိနေတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသနအမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ဥယျာဉ်အဖြစ် ပြသဖို့ စီစဉ်ရတာဟာ အဆိုပါ နန်းတော်ရဲ့ သမိုင်းဝင် လက်ရာတွေကို အဓိက သိရှိစေဖို့နဲ့ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက် လေ့လာရာမှာ အဆင်ပြေ လွယ်ကူ ချောမွေ့စွာ လေ့လာ နိုင်စေဖို့အတွက် ပြုပြင်တာ ဖြစ်ပါတယ်။

ဒီလိုပြုပြင်ရာမှာ အနှေးယာဉ် သွားလမ်းများ၊ လူသွားလမ်းများ ဖောက်လုပ်ခြင်း၊ ဆိုင်းဘုတ်၊ မြေပုံ လမ်းညွှန် များပြုလုပ်ထား ရှိခြင်းတို့ကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီး၊ အသံ စတာတွေနဲ့ အဆင့်မီ ခင်းကျင်းပြသရေး လုပ်ငန်း၊ သန့်စင်ခန်းများ စနစ်တကျ ဆောက်လုပ်ခြင်းနဲ့ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်း တို့ကိုပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လုပ်ငန်းများ ပြုလုပ်လိုသူ တွေကို အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ အိတ်ဖွင့် တင်ဒါခေါ်ယူနေပြီ ဖြစ်ပါတယ်။

အဆိုပါ အိတ်ဖွင့် တင်ဒါခေါ်ယူမှု နဲ့အတူ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာ နန်းတော် ကိုလည်း ရှေးမူလက်ရာ မပျက် ပြန်လည် မွမ်းမံပြုပြင်ဖို့ ကိုလည်း တင်ဒါခေါ်ယူ ထားပါတယ်။ ဒါ့အပြင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်၊ ရှေးဟောင်း သမိုင်းဝင် ခံတပ်များ၊ ကျောက်တော်ရှိ မဟာမုနိ ရှေးဟောင်း သုတေသန ပြတိုက်နဲ့ ပုဂံရှေးဟောင်း သုတေသန ပြတိုက် တို့ကိုလည်း အထွေထွေ မွမ်းမံပြုပြင်မှုတွေ ဆောင်ရွက်ဖို့ တင်ဒါခေါ်ယူ လျက်ရှိနေတယ် လို့လည်း သိရပါတယ်။ အဲ့ဒီပြုပြင် မွမ်းမံ ဆောက်လုပ်မှု တွေကိုတော့ ယခု ဘဏ္ဍာနှစ်မှာ ရရှိတဲ့ ဘတ်ဂျက်ငွေနဲ့ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်