From : ခေတ်လူငယ်
ကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော်တွင် အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှဲယ်ဖြစ်သူ ဦးခိုင်မောင်ရီက လုပ်သက်မြင့် နိုင်ငံ့ဝန်ထမ်းများ သတ်မှတ်ပေးထားသည့် ငွေကြေးကို မိမိတို့လစာငွေများမှ အရစ်ကျပေးသွင်းခဲ့ပြီးဖြစ်သော မြေကွက်များတွင် တရားဝင်နေထိုင်ခွင့်ရရှိရေး မေးခွန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခြင်းသည် အများပြည်သူတို့အတွက် နားလည်သဘောပေါက်ရန် အားနည်းနေသည့်အတွက် တိကျခိုင်မာသော အဖြေမျိုး ပြန်လည်ပေးရန် ဆွေးနွေးသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။ မေးခွန်းရှင်၏ တိကျခိုင်မာသော အဖြေမျိုး ပြန်လည်ပေးပါရန် ဆွေးနွေးချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအား လွှတ်တော်သို့ ပြန်လည်အစီရင်ခံစာ တင်ပြရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းများ၏ မြေကွက်များနှင့် ပတ်သက်၍ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ရပ်ကွက် ၁၁ ခုမှ မြေကွက်ပေါင်း ၈၀၉၇ ကွက်အား ခေတ်မီစိုက်ပျိုးရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် ပါဝင်သည့်အတွက် မူလက အရစ်ကျပေးသွင်းထားသော ငွေကြေး ကျပ် ၁၂၀၀၀ အား နေပြည်တော်နှင့် ရန်ကုန်တို့တွင် ပြန်လည်ထုတ်ယူရန် မတ် ၇ ရက် ရက်စွဲဖြင့် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ကြေညာချက် ထုတ်ပြန်မှုနှင့် ပတ်သက်၍ မေးခွန်းရှင်က “မြို့ပြတည်ဆောက်ခဲ့ပြီးမှ စီမံကိန်း လုပ်တာလား၊ စီမံကိန်းရှိရဲ့သားနဲ့ မြို့ပြတည်ဆောက်ခဲ့တာလား၊ မြို့ပြတည်ဆောက်ပြီးကာမှ ဝန်ထမ်းပေါင်းများစွာရဲ့ စိတ်မချမ်းမြေ့မှုကို နိုင်ငံတော် စီမံကိန်းအနေဖြင့် ကုမ္ပဏီများက စီမံကိန်းများ ဖော်ထုတ်ဆောင်ရွက်နေမှုကို တွေ့ရှိနေရပါတယ်။ ဝန်ထမ်းတွေ ဒဂုံအရှေ့ပိုင်း စစ်ပင်တောင်ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နေအိမ်တွေကို ဖျက်သိမ်းခိုင်းနေပါတယ်။ သင်္ကြန်ကာလအတွင်းမှာပဲ ပြည်သူတွေကို ကြေညာချက်မရှိဘဲ စာရင်းတွေ လိုက်ကောက်နေတာတွေလဲ ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သို့ ဆောင်ရွက်သွားမည်ဆိုတာ သိရှိလိုပါတယ်” ဟု အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက မေးမြန်းခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်က ပြန်လည်ဖြေကြားရာတွင် “မြို့ကွက်သစ်တွေများကို စနစ်တကျ ဖော်ထုတ်ပေးလျက်ရှိပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ စက်မှုလယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန်ကို ပြုလုပ်ရာတွင် အိမ်ခြေ ၂၉ လုံး အဆိုပါစီမံကိန်းတွင် ပါဝင်သွားသည့်အတွက် မူလနေအိမ်များ တန်ဖိုးများထက် မနိမ့်သော ပေးလျော်မှုများကို ပြုလုပ်ခဲ့ပြီး အဆိုပါစီမံကိန်းတွင် ၉၇၂၃ ဒသမ ၆၆ ဧကအား ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၆ ရက်တွင် အမိန့်ကြေညာစာဖြင့် လယ်/ဆည် ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယခုလက်ရှိ အဆိုပါ မြေကွက်များတွင် စီမံကိန်း ဆောင်ရွက်နေသော စီမံကိန်းများ အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း လယ်/ဆည်ဝန်ကြီးဌာနနှင့် ဆက်လက်၍ ညှိနှိုင်းဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဒုဝန်ကြီး၏ ဖြေကြားမှုအပေါ် ဦးခိုင်မောင်ရီက ပြန်လည်ဆွေးနွေးရာတွင် “လယ်/ဆည်နဲ့ ပူးပေါင်းဆောင်ရွယ်မယ်ဆိုတာ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားမှာပါလဲ၊ ဘယ်လိုလျော်ကြေး ပေးမှာပါလဲ၊ အခုဆောက်ပြီးသား အိမ်တွေကို ဖယ်ခိုင်းမယ်ဆိုရင် သူတို့သယ်ယူစရိတ်တွေ၊ ကုန်ကျစရိတ်တွေ ဘယ်လိုကျခံမှာပါလဲ။ ပြည်သူတွေအနေနဲ့ နားလည်သဘောပေါက်စေဖို့အတွက် တိကျတဲ့အဖြေမျိုး ပြန်လည်ဖြေကြား ပေးစေလိုပါတယ်” ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါမေးခွန်းနှင့် ပတ်သက်၍ အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအား မေးခွန်းကို ပြန်လည်သုံးသပ်ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်