From : ခေတ်လူငယ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်(၂) ဦးတို့သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်များသို့ သွားရောက်၍ အောက်ပါ ကော်မရှင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ စောင့်ရှောက်ရေးစခန်း (၁၆) ခုသို့ သွားရောက်၍ စခန်းနေပြည်သူလူထုနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါသည်။ ကော်မရှင်သို့ ကချင်ပြည်နယ်မှ တိုင်ကြားထားသော တိုင်ကြားစာများမှ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ယူဆသော တိုင်ကြားစာများနှင့် ပတ်သက်၍ သက်သေများအား ခေါ်ယူစစ်ဆေးခဲ့ပါသည်။ ကချင်ပြည်နယ်၏ လက်ရှိ အခြေအနေအပေါ် အမြင်ချင်းဆွေးနွေး ဖလှယ်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့၏ ဆောင်ရွက်တွေ့ရှိချက်များ အပေါ် ကော်မရှင်အနေဖြင့် အောက်ပါအတိုင်း သုံးသပ်အကြံပြု တိုက်တွန်းအပ်ပါသည်။ ကော်မရှင်အဖွဲ့ ရောက်ရှိခဲ့သော စခန်းများအား လေ့လာတွေ့ရှိချက်အရ စခန်းများသည် (၁) နှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း စခန်းနေ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ယခင်အခြေအနေအတိုင်း ဖြည့်ဆည်းပေးမှုများအား ထိန်းသိမ်းထားနိုင်သည်ကို တွေ့မြင်ရပါသည်။ ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ထပ်မံဖြည့်ဆည်း ပံ့ပိုးပေးပါရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများကို တိုက်တွန်းပါသည်။ စခန်းနေ ပြည်သူများ ရွာပြန်လိုကြောင်းနှင့် ရွာတစ်ဝိုက် မိုင်းရှင်းလင်းပေးရန် တင်ပြမှုများရှိပါသည်။ ပြန်လည်ထူထောင်ရေး မပြုလုပ်မီ မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ရွာသားများကိုလည်း မိုင်း အသိပညာ ပေးသင့်ပါသည်။ တိုင်ကြားစာများနှင့် ပတ်သက်၍ သက်သေများ၏ ထွက်ဆိုချက်အရ လက်နက်ကိုင်အဖွဲ့များက ကျေးရွာလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုအချို့ ရှိနေကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ မည်သို့သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ချိုးဖောက်ခြင်းမပြုရန်၊ လူ့အခွင့်အရေး စံများနှင့်အညီ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းပါသည်။ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ သက်သေများ၏ ထွက်ဆိုချက်အရ KIA မှ တာလောကြီး၊ ရွာသားများအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်း ရှိခဲ့ကြောင်း၊ KIA ပြည်သူ့စစ်အဖြစ် ဆောင်ရွက်နေသူ တာလောကြီးရွာသား (၅၃) ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ မည်သည့်နယ်မြေ ဒေသတွင်မဆို လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်သားသစ်များ အတင်းအဓမ္မ ခေါ်ယူစုဆောင်းခြင်း မပြုရန် တိုက်တွန်းပါသည်။ တပ်မတော်က တာလောကြီးရွာသား (၂) ဦးအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဖမ်းဆီးစစ်ဆေး၍ သက်ဆိုင်ရာမှတစ်ဆင့် တည်ဆဲဥပဒေအရ တရားစွဲဆိုခဲ့ကြောင်း သိရှိရပါသည်။ ကာယကံရှင်များ နစ်နာမှု မရှိစေရေးအတွက် အမှုများ ဆောလျင်စွာ ပြီးပြတ်အောင် စစ်ဆေးသင့်ပါသည်။ လုံခြုံရေးတပ်ဖွဲ့များက မသင်္ကာသူများအား လုံခြုံရေးအရ ခေါ်ယူစစ်ဆေးခြင်း၊ တရားဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများအား ကော်မရှင်အနေဖြင့် အထူးပြောကြားရန် မရှိပါ။ သို့သော် စစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှောင်ကြဉ်ရပါမည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပြည်တွင်း၊ ပြည်ပမှ အားပေးထောက်ခံမှုများ ရရှိနေပြီဖြစ်ပါသည်။ အလားတူပင် နိုင်ငံတော်အစိုးရသည် ထာဝရငြိမ်းချမ်းရေး ဖြစ်တည်လာရေး ကြိုးပမ်းရာတွင် သမိုင်းတွင် မှတ်တမ်းတင်နိုင်သော အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ယင်းသို့သော အခြေအနေတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ပေးကြပါရန် တိုက်တွန်းအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်