Subscribe to our RSS Feed

အိုဘားမား အနိုင်ရမှုအပေါ် မြန်မာ နိုင်ငံရေးသမားတို့အမြင်

From :7day


၂၀၁၂ အမေရိကန်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားထပ်မံ ရွေးကောက်ခံရမှုအပေါ် မြန်မာ့နိုင်ငံရေးသမားများနှင့် ပညာရှင်များက ကြိုဆိုကြသည်။ အိုဘားမား ထပ်မံရွေးကောက်ခံရမှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အမေရိကန်မှ က
ူညီထောက်ပံ့မှုများ ပိုမိုရရှိလိမ့်မည်ဟု ၄င်းတို့က တူညီစွာသုံးသပ်ကြသည်။ အိုဘားမားအစိုးရမှာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်နေပြီး၊ တိုးတက်မှုအလိုက် ကူညီပံ့ပိုးအားပေးမှုများကိုလည်း တိုးမြှင့်ပေးလျက်ရှိသည်။ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ အိုဘားမား အနိုင်ရရှိမှုအပေါ် ၄င်းတို့၏ သဘောထား မှတ်ချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

အမေရိကန်အစိုးရ အဆက်ဆက်ကတော့ ဘယ်ဟာမဆို သူ့အမျိုးသားအကျိုးစီးပွားပေါ်မှာပဲ ရပ်တာပေါ့။ ဒါပေမဲ့ အိုဘားမားနိုင်သွားတော့ အိုဘားမားကတော့ မြန်မာနိုင်ငံအကြောင်းကို နောက်လူတွေထက် ပိုသိတယ်။ မြန်မာနိုင်ငံနဲ့ အဆက်အဆံရှိနေပြီ။ အလုပ်တွေလည်း လုပ်နေပြီဆိုတော့ သူက ပိုအဆင်ပြေတာပေါ့။ သမ္မတအသစ်က သမ္မတအဟောင်းထက်တော့ နိုင်ငံတကာ အခြေအနေကို ဘယ်သိနိုင်ဦးမလဲ။ နောက်တစ်ခါ မြန်မာနိုင်ငံစီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ဟာကို အိုဘားမားအစိုးရက ပိုပြီးဖွင့်ပေးနေပြီ။ မစ်ရွမ်းနေက ရီပတ်ဘလီကန်ကဖြစ်နေတော့ စီးပွားရေးပိတ်ဆို့မှုတွေမှာ သူတို့ဘက်က တင်းတင်းမာမာတွေလုပ်တာရှိနေတော့ မြန်မာနိုင်ငံအတွက်ကတော့ အိုဘားမားရှိနေတာ ပိုကောင်းမယ်လို့ ယူဆရတာပေါ့။

ဒေါ်သန်းသန်းနု (အတွင်းရေးမှူး-ဒီမိုကရက်တစ်ပါတီ(မြန်မာ))

ကျွန်မတို့က ၀မ်းသာပါတယ်။ သူက မြန်မာပြည်အတွက် ဦးဆောင်ပြီးလုပ်တဲ့ အစီအစဉ်တွေ အများကြီးရှိတယ်လို့ သိရတယ်။ ဒါကြောင့် လက်ရှိလူနိုင်သွားတာ ပိုကောင်းပါတယ်။ ဘယ်သူပဲနိုင်နိုင် ခုချိန်မှာ မြန်မာနိုင်ငံရေးကိုတော့ စိတ်ဝင်စားပြီး လုပ်ပေးကြမယ် ဆိုပေမယ့် လုပ်လက်စရှိတဲ့သူက နိုင်သွားတော့ ကျွန်မတို့နိုင်ငံအတွက် ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တာပေါ့။

ဒေါက်တာစိုးထွန်း (ပေါ်လစီရေးရာကျွမ်းကျင်သူ)

အိုဘားမား အနိုင်ရတဲ့အတွက် ၀မ်းသာတယ်။ အိုဘားမားလက်ထက်ကစပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုကောင်းလာတာရှိတယ်။ USAID က လုပ်မယ့်ဟာတွေလည်းရှိတယ်။ ကျွန်တော်တို့အတွက်က အိုဘားမားအနိုင်ရတာဟာ ဒါတွေကို ရှေ့ဆက်သွားမယ့်သဘောရှိတယ်လို့ ယူဆတယ်။ အိုဘားမားလက်ထက်ကျမှ မြန်မာပြည်မှာ သံအမတ်ကြီးခန့်တဲ့ကိစ္စတို့ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်လာတဲ့ကိစ္စတို့ ဖြစ်ခဲ့တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းလာနိုင်တယ်။

ဒေါက်တာအောင်ထွန်းသက် (စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်)

အစကထဲက အိုဘားမားကို အားပေးတယ်။ သူက ဒီမိုကရက်တစ်လည်း ဖြစ်တယ်လေ။ နောက်ပြီး မြန်မာပြည်လာဖို့လည်းရှိတော့ သမ္မတအဖြစ်နဲ့လာတာပိုကောင်းတာပေါ့။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးလည်း ပိုကောင်းလာနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ၀မ်းသာစရာပါပဲ။

ဒေါက်တာမင်းဇော်ဦး (မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး၊ နိုင်ငံတကာပဋိပက္ခရေးရာကျွမ်းကျင်သူ)

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိုဘားမားက မြန်မာအစိုးရလုပ်နေတဲ့နိုင်ငံရေးအပြောင်းအလဲကို အမေရိကန်အနေနဲ့ ထောက်ခံပြီးတော့ ၀န်းရံပေးသွားမယ်။ မြန်မာပြည်နဲ့ အမေရိကန်ကြား ဆက်ဆံရေးပိုပြီးတော့ နွေးထွေးလာတဲ့ ဆက်ဆံရေးရအောင်လုပ်မယ်ဆိုတဲ့ဟာက အရင်ထဲက ချထားတဲ့ပေါ်လစီဆိုတော့ ဒီပေါ်လစီကို ပိုပြီးတော့လုပ်လိမ့်မယ်လို့ ထင်ပါတယ်။

  Myanmar Express 

2 comments:

အခုတော့ဒီလိုတွေပြောပြီပေါ့။တကယ်လို့များ??? သြော်


ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်းဆုံးပါပဲ။ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးကြိုစားတာ အကောင်းဆုံးနိုင်ငံရေးလုပ်ဆောင်ချက်လို့ထင်တာပဲ။ကျနော်တစ်ယောက်တည်းရဲ့အမြင်ပါ။ဘယ်သူ့ကိုမှအားမကိုးခြင်ဘူး(ဖြစ်နိုင်ရင်ပေါ့)

ကောင်းပါတယ် ကောင်းပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်