From : eleven
နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ အမေရိကန်သမ္မတ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဘာရက်အိုဘားမားမှာ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း မစ်ရွမ်နေကို အနိုင်ရသွားပြီဖြစ်ပြီး ဒုတိယသက်တမ်း ထမ်းဆောင်ခွင့်ရသွားပြီဖြစ်ကြောင်း (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၇ ရက် နံနက် ၁၁ နာရီ ၀န်းကျင်) တွင် စီအင်န်အင်န်သတင်းဌာန၊ဖော့က်စ်သတင်းဌာနတို့၏တွက်ချက်ထုတ်ပြန်ခဲ့ကြသည်။
အိုဘားမားသည် အဓိက စစ်မြေပြင်ဟု ဆိုရမည့် ပင်ဆီလ်ဗေးနီးယားတွင် အနိုင်ရသွားခြင်းဖြစ်ပြီး ယင်းသို့ပင် ထောက်ခံမှုမကွာသည့် ပြည်နယ်များဖြစ်သော နယူးဟမ့်ရှိုင်းယား၊ ၀စ္စကွန်ဆင်၊ မီရှီဂန်တို့တွင်လည်း အိုဘားမားက အနိုင်ရခဲ့ကြောင်း မီဒီယာများ၏ မဲရေတွက်မှု စောင့်ကြည့်တွက်ချက်မှုအရ သိရသည်။အမေရိကန်သမိုင်းတစ်လျှောက်တွင် အိုဟိုင်းယိုးပြည်နယ်တွင်မနိုင်ဘဲ သမ္မတဖြစ်သည်ဆိုခြင်းမှာ နှစ်ကြိမ်သာ ရှိခဲ့ခြင်းကြောင့် အဓိက ပြည်နယ်အဖြစ် မှတ်ယူကြရာအိုဟိုင်းယိုးတွင်လည်း အိုဘားမားပင် အနိုင်ရခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများကဖော်ပြသည်။ ရွမ်နေ၏ ဇာတိပြည်နယ် မီရှီဂန်တွင် အိုဘားမားကို ရှုံးခြင်းမှာ ရှုံးချက်နာသည်ဟု ဆိုနိုင်ပြီး ရွမ်နေ၏ဖခင်မှာ မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ဖူးသူဖြစ်သည်။
နှစ်ဖက်စလုံးမှ အပိုင်သေချာသည့် ပြည်နယ်များဟု ခန့်မှန်းထားသည့် ပြည်နယ်များတွင်မူ မျှော်လင့်ထားသည့်အတိုင်း အသီးသီး အနိုင်ရထားကြသည်။
အစောပိုင်း ထွက်ပေါ်လာသော မဲရလဒ်ခန့်မှန်းမှုများတွင် ရွမ်နေက အသာရနေခဲ့သော်လည်း ထောက်ခံမှုမကွာသည့် ပြည်နယ်အများစုတွင် အိုဘားမားက အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
သမ္မတရွေးကောက်ပွဲနှင့်အတူ အောက်လွှတ်တော်အမတ် ၄၃၈ နေရာကိုလည်း ရွေးကောက်နေရာ ထွက်ရှိလာသော အခြေအနေများအရ ရီပတ်ဘလီကန်တို့သာ အောက်လွှတ်တော်ကို ဆက်လက်လွှမ်းမိုး ထားနိုင်မည့် အခြေအနေတွင်ရှိနေသည်။ သက်တမ်းခြောက်နှစ် ထမ်းဆောင်ရသည့် အထက်လွှတ်တော်ကိုမူ အမတ်နေရာ ၁၀၀ အနက် ၃၃ ဦးကို ရွေးကောက်နေပြီး ဒီမိုကရက်အများစု ရထားခဲ့သည့်နေရာ များဖြစ်သလို ဒီမိုကရက်တို့သာ အများစု ဆက်နိုင်သွားဖွယ် ရှိနေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ ၁၁ နေရာအတွက်လည်း ရွေးကောက်ပွဲများ ကျင်းပနေသည်။
စီအင်န်အင်န်သတင်းဌာန၏ တွက်ချက်မှုအရ သမ္မတရွေးကောက်မဲ ၅၃၈ မဲရှိသည့်အနက် မဲရေတွက်မှုမပြီးဆုံးသေးမီပင် ထက်ဝက် ဖြစ်သော ၂၇၀ ကိုကျော်ပြီး ၂၇၄ မဲအထိရရှိနေပြီဖြစ်ကာ ရွမ်နေမှာ ၂၀၁ မဲ သာရရှိသေးသောကြောင့် အနိုင်ရပြီဟုကြေညာခဲ့ကြခြင်းဖြစ်သည်။ဖော့က်စ်သတင်းဌာနနှင့် အခြား အမေရိကန်သတင်းဌာနကြီးများကလည်း အိုဘားမားအနိုင်ရပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။
Myanmar Express

2 comments:
Good!
We hope the re-elected president can create the world to be a happy atmosphere.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်