From :သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ သမ္မတနန်းတော်၌
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ကျူမာလီဆိုင်ညဆွန်နှင့်
တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ လာအိုနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်းတို့ တက်ရောက်ကြပြီး
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့်အတူ
သမ္မတရုံးဝန်ကြီးဌာနဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး၊
မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Nitahath Sayarth
နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ယခုနှစ်
မတ်လအတွင်း လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း
ဆွေးနွေးခဲ့သည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်
လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်
ချစ်ကြည်ရေးတံတား တည်ဆောက်ရေးအတွက် ယခုလအတွင်း ပုံစံရွေးချယ် အတည်ပြုပြီး
၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တည်ဆောက်သွားရေး၊ ချစ်ကြည်ရေးတံတား
တည်ဆောက်ပြီးပါက နှစ်နိုင်ငံအကြား အကောက်ခွန်လွတ် ကုန်သွယ်မှု
ပြုလုပ်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက်
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်