From : ပြည်ထောင်စုသားတစ်ဦး
လူသားတိုင်း
ငြိမ်းချမ်းမှုကိုလိုလားပါသည်။ ငြိမ်းချမ်းမှုဟူသည့် စကားသည် မခံစားရသေးမှီ စကားလုံး ကြားရရုံ
မျှနှင့်ပင် နှစ်လိုဖွယ်ဖြစ်ပါသည်။ တောင့်တဖွယ်ဖြစ်ပါသည်။ လိုလားဖွယ်ဖြစ်ပါသည်။ ရေငတ်ဖူးမှ
ရေ၏တန်ဖိုးကို နားလည်ပါသည်။ ငွေပြတ်ဖူးမှ ငွေ၏တန်ဖိုးကိုသိတတ်ပါမည်။ စစ်မြေပြင်လို
ပင်ပန်းကြမ်းတမ်းစွာ အသက်နှင့်ရင်း၍ ရုန်းကန်လှုပ်ရှားရသည့် အခက်အခဲတို့ကြုံတွေ့ဖူးမှသာ
အေးချမ်းစွာ နေခဲ့ရသည့် ငြိမ်းချမ်းမှုအရသာကို တောင့်တမိ ပါမည်။ ထို့ကြောင့်စစ်ပွဲဆိုသည်ကို
စစ်သားများက ပို၍ မုန်းတီးကြပါသည်။ ငြိမ်းချမ်းမှုဆိုသည်ကို စစ်သားများက ပိုပြီးမြတ်နိုးလိုလားပါသည်။
တပ်၏ ငြိမ်းချမ်းရေး အပေါ် သဘောထားကို ၂၀၁၂ ခုနှစ် တပ်မတော်နေ့ ကာချုပ် မိန့်ခွန်းကို
ကြည့်လျှင်သိနိုင်ပါသည်။ “ အသက်ခန္ဓာကိုစွန့်လွှတ်ပြီး
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြ ရသော တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားပါသည်။ ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေးရရှိအောင်
စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်နှင့် အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး
ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည်” ဟု ပြောကြားခဲ့ပါသည်။
တပ်ဘက်မှ ငြိမ်းချမ်းရေးကို လိုလားတောင့်တပါသော်လည်း
လိုလားသည့်အတိုင်း၊ တောင့်တသည့် အတိုင်း ဖြစ်မလာခဲ့ပါချေ။ အစိုးရမှဖွဲ့စည်းထားသည့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့တွင်ပါဝင်သည့်
ကာချုပ်နှင့် ဒုကာချုပ်တို့သည် ၎င်းတို့ကိုယ်တိုင် ငြိမ်းချမ်းရေးကို လိုလားတောင့်တ သည်ဖြစ်ရာ
ငြိမ်းချမ်းရေး အတွက် စိတ်ရောကိုယ်ပါနှစ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါသည်။
အိပ်ချင်ယောင်ဆောင်သူအား နှိုးရခက်တတ်သည့်သဘောအတိုင်း
KIA လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးခဲ့သည့် အချိန်တိုင်း ဟန်ဆောင်စကားများနှင့် တစ်ဖက်သတ်တောင်းဆိုမှုများကိုသာ
ကြုံတွေ့နေခဲ့ ရပါသည်။ တိုက်ပွဲများ စတင် ဖြစ်ပွားသည်မှစ၍ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ၁၀ ကြိမ်မကတွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးရာ၌ နှစ်ဖက်တပ်များကိစ္စ ထိရောက်စွာညှိနှိုင်းနိုင်ရန်
တပ်ဘက်မှ ဒုဗိုလ်ချုပ်ကြီး ၁ ဦးအားအဖွဲ့ဝင် အဖြစ် စေလွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။
KIA အဖွဲ့မှ စစ်ဘက် ခေါင်းဆောင်ပိုင်း တက်ရောက်ရန် ပျက်ကွက် ခဲ့ခြင်းကြောင့် အရေးကြီးသည့်ဆွေးနွေးမှုများ
ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်းသိရှိရပါသည်။ နိုင်ငံရေး လိုလားချက်များရရှိမှသာ
အပစ်အခတ်ရပ်စဲရေးဆွေးနွေးလိုသည့် KIA ၏ သဘောထားသည် ခေါင်းဆောင်ပိုင်း လူနည်းစုလိုလားသည့်အတိုင်း
နိုင်ငံရေးလုပ်ပိုင်ခွင့်များမရမချင်း လက်အောက်ကို စစ်တိုက်ခိုင်းနေဦးမည် ဆိုသည့်
သဘောပင်မဟုတ်ပါလော။ KIA မှ ဤကဲ့သို့ မူဝါဒချမှတ်ထားသမျှ ကချင်ဒေသနေ ပြည်သူတို့ ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါဦးမည်။ အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးအားလုံး တို့၏
မျက်နှာကိုကြည့်ရပါ လိမ့်မည်။ တစ်ဦးတစ်ယောက်တစ်ဖွဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပ
အခွင့်အရေးပေးနိုင်လိမ့်မည်မဟုတ်ပါ။ အစိုးရချမှတ်ထားသည့် ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်းစဉ်တွင်
အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုကို
ဆက်ရပါမည်။ ယင်းအတိုင်းသဘောတူပါက ချက်ချင်း လက်ငင်း ကချင်ပြည်နယ် အေးချမ်းနိုင်သကဲ့သို့
နိုင်ငံတစ်ဝန်းမှ နတ်၊ လူတို့လည်း သာဓုခေါ်နိုင်ပါလိမ့်မည်။
KIA တို့သည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက်များကို
အကြမ်းဖက်နည်းများဖြင့်ရယူနိုင်ရန် ကြံစည်ခဲ့ ကြပါသည်။ လက်ရှိတွင်လည်း ၎င်းနည်းလမ်းများအတိုင်းသာ
ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ခဲ့သော KIA တို့၏
ရထားလမ်းမိုင်းခွဲတိုက်ခိုက်မှုများသည် အကြိမ်ပေါင်း ၅၀ ကျော် ရှိနေပြီဖြစ်ပါသည်။ ၂၀၁၁
ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှစတင်ခဲ့သော KIA တို့၏ မော်တော်ကား လမ်းများ ပေါ်ရှိ တံတားများ၊
လမ်းတံတား ဆောက်လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှုများသည် အကြိမ် ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါသည်။
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တံတားများကိုလည်း ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြပါသည်။ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည့်အချိန်မှ
ယခုအချိန်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း တံတားပေါင်း ၁၀ စင်းကျော်ကို
ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြပြီးဖြစ်ပါသည်။ လမ်းတံတား ဖျက်ဆီးမှုများ သာမက မဟာဓာတ်အား လိုင်းတာဝါတိုင်များ၊ အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊
စီမံကိန်း နေရာများကိုလည်း ဖောက်ခွဲဖျက်ဆီး ခဲ့ကြပါသည်။ ကျေးရွာအနီးဝန်းကျင်တွင်
မြေမြှုပ်မိုင်းများ ထောင်ခြင်းကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရမှု မှာလည်း မရေတွက်နိုင်တော့ပါချေ။ ဤသို့သော လုပ်ရပ်များ သည် ကမ္ဘာကလက်မခံသည့်
အကြမ်းဖက်အဖွဲ့အစည်း တစ်ခုမှ ဆောင်ရွက်လေ့ရှိသော အဖျက်လုပ်ရပ်များ အစစ်အမှန်ပင်ဖြစ်ပါသည်။
နောက်ဆုံးသတင်းများအရ ကချင်ပြည်နယ်အတွင်း
တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း သိရှိရပါသည်။ ယေဘုယျအားဖြင့်ကြည့်ပြီး တပ်ဘက်မှထိုးစစ်ဆင်နေသည်ဟုလည်း အချို့က ဝေဖန်ကြ ပါသည်။
ဤကိစ္စတွင် ယေဘုယျ ကြည့်၍မရပါ။ ယထာဘူတကျစွာကြည့်ရပါမည်။ တိုက်ပွဲများ ဘာကြောင့်ဖြစ်ရသည်။
တစ်ဖက် အဖွဲ့အစည်းက မည်သို့ ဆောင်ရွက်နေ၍ တိုက်ပွဲများဖြစ်ရသည်ကို ဂဃနဏ လေ့လာရန်လိုပါသည်။
မိအေး အော်တာသာ လူသိ၍မရပါ။ ဂဏန်းညှပ်နေသည်ကိုလည်း
မြင်အောင်ကြည့်ရမည်ဖြစ်ပါသည်။ တပ်မှ တိုက်ခိုက်သည်ဆိုလျှင်ပင် အကြောင်းမဲ့ တိုက်ခိုက်ခြင်းတော့
မဟုတ်တန်ရာဟု ထင်ပါသည်။ ဒေသတွင်းရှိ ပြည်သူများ၏ အမြင်သဘောထားနှင့် လိုလားချက် များကိုလည်း
နားထောင်ရပါမည်။
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည်
နိုင်ငံတွင် ဒီမိုကရေစီ ဆက်လက် ရှင်သန်ရေးအတွက် အဓိကလိုအပ်ချက် ၂ ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့်
စီးပွားရေးဖွံ့ဖြိုး တိုးတက် ရေး ကို ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ၏ ဒီမိုကရေစီရှေ့ခရီးအတွက်
လျှောက်လှမ်းရာတွင် နိုင်ငံ တစ်ဝန်းလုံး ဒေသအသီးသီး တည်ငြိမ် အေးချမ်းမှုရှိရန်၊ တရားဥပဒေစိုးမိုးမှုရှိရန်လိုပါသည်။
တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုမရှိပါဘဲ ဒီမိုကရေစီကို မျှော်မှန်း၍မရနိုင်ပါ။
ပြည်သူလူထု တစ်ရပ်လုံး လျှောက်လှမ်းလိုသည့် ဒီမိုကရေစီလမ်းခရီးရှိ ခလုတ်ကန်သင်းမှာ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေမှုပင် ဖြစ်ပါလိမ့်မည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ” ဟု အတိအကျဖော်ပြထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအား
ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် တပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပ ဆောင်ရွက်နေမှုများကို
လက်သင့်ခံမည်မဟုတ်ဟု ယူဆ ပါသည်။
ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ကန်မှုမရှိဘဲ
အကြမ်းဖက်လုပ်ရပ်များဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကိုထိခိုက်စေလျက်ရှိသော
KIA လက်နက်ကိုင်အဖွဲ့အား ဥပဒေဘောင် အတွင်းမှ တားဆီးရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရပါသော် တပ်သည် ပြည်သူလူထု၏တောင်းဆိုချက်၊
လိုလားချက်များ အတိုင်း ပြည်သူဘက်မှ ရပ်တည်ပေးရမည်ဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်းမှ
ပြည်သူများမှာ အတိဒုက္ခကြီးစွာရောက်နေရပါသည်။ ဒေသနေ ပြည်သူလူထု၏ ဘဝများ၊ အသက်သွေးများနှင့်
ပိုင်ဆိုင်သည့်ဥစ္စာဓနများသည် KIA တို့၏ စစ်ရေးကိစ္စများတွင် အသုံးချခံ နေရပါသည်။ အဆိုးရွားဆုံး
သတင်းမှာ လက်ရှိတိုက်ပွဲများတွင် KIA သည် အပြစ်မဲ့ရွာသားများ၊ ဒေသနေပြည်သူများကို ၎င်းတို့စခန်းများ
အနီးဝန်းကျင်သို့ အဓမ္မခေါ်ယူနေထိုင်စေလျက် ပြည်သူလူထုကို အကာအကွယ်ယူလျက်ရှိကြောင်း ကြားသိရပါသည်။
ပြည်သူလူထုအပေါ် မကြံစည်သင့်သည့် အကြံအစည်များပင်ဖြစ်ပါသည်။
အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ အရှိန်မြင့်တက်လာခြင်းသည်လည်းကောင်း၊
ဒုက္ခပေါင်းစုံ အလူး အလဲ ခံစားနေကြရသည့် ပြည်သူများ၏တောင်းဆိုချက်များသည်လည်းကောင်း၊
ဒီမိုကရေစီ လမ်းကြောင်းအား နှောင့်ယှက်ရန် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်းသည်လည်းကောင်း၊
အခြေခံဥပဒေအား ထိခိုက်စေခြင်းသည်လည်းကောင်း ဒို့တာဝန်အရေး(၃)ပါးကို ခြိမ်းခြောက်နေခြင်းဟု
ပြည်သူတစ်ရပ်လုံးက သတ်မှတ်ထားကြပါသည်။ အမျိုးသားရေး မူဝါဒအဖြစ် ချမှတ်ထားသော ဒို့တာဝန် အရေး(၃)ပါးကို
ထိခိုက်လာမှုကြောင့် နိုင်ငံတော် ကာကွယ်ရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ် ကာကွယ်
စောင့်ရှောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရေးတို့တွင် တာဝန်ရှိ သော
တပ်အနေဖြင့် အခြေခံဥပဒေကပေးအပ်ထားသော တာဝန်များအတိုင်းဆောင်ရွက်သွားရန် ပြည်သူ တစ်ယောက်အနေဖြင့်
တိုက်တွန်းပါသည်။ စစ်ပွဲများပပျောက်အောင် ငြိမ်းချမ်းရေးဆောင်ရွက်ရသကဲ့သို့ ရံဖန်ရံခါ
တွင်လည်း ငြိမ်းချမ်းရေးရရှိအောင် စစ်ပွဲများလည်း ဆင်နွှဲရလေ့ရှိပါသည်။ မည်သို့ပင်ဆိုစေ
တပ်သည် ၎င်းတို့၏ သမိုင်း အစဉ်အလာ ကောင်းအတိုင်း နိုင်ငံနှင့်ပြည်သူ အတွက် လုပ်သင့် လုပ်ထိုက်သည်များကို
အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။




2 comments:
Do what you have to do,Tatmadaw.Don't bother with any critism from outside.Because you are the only responsible organization to safeguard the country (even not for the ThanShwe-made state constitution). Also don't let the idea of setting up seperate army by any insurgent group including WNA,SSA and NMSP.Their ultimate goal is to set up the independant states in the future.
Get rid of KIA thoroughlly
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်