Subscribe to our RSS Feed

မန္တလေးနှင့်နေပြည်တော်သို့ တိုးချဲ့ပြေးဆွဲနိုင်ရန် MAI စီစဉ်

From :မြစ်မခ

နိုင်ငံတကာသို့ ပျံသန်းပြေးဆွဲနေသော MAI (Myanmar Airways International) လေကြောင်းလိုင်းမှပြည်တွင်းခရီး စဉ်လေကြောင်းလိုင်းသစ်များ တိုးချဲ့ပြေးဆွဲနိုင်ရန် မြန်မာ့လေကြောင်းဦးစီးဌာနသို့ ခွင့်ပြု မိန့်တင်ထားကြောင်း သိရှိရသည်။
"ပြည်တွင်း ခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းထားပါတယ်၊ ခွင့်ပြု မိန့်ကျတာနဲ့ တစ်ပြိုင်နက် ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ"ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူ ဒေါ်အေးမရသာက ပြောသည်။
လက်ရှိတွင် MAI လေကြောင်းလိုင်းသည် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ် (၈)စီးဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး လေယာဉ်နှင့်ခရီးသည်လုံခြုံမှုအပိုင်းကို နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံနှုန်းအတိုင်း လိုက်နာလုပ်ဆောင်နေ သည့် လေကြောင်းလိုင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
အဆိုပါ လေကြောင်းလိုင်းသည် ရန်ကုန်မှ တိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆီယမ်ရိ၊ ဂါယာ၊ ကွမ်ကျိုး၊ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ် များကို ပျံသန်းလျက်ရှိပြီး ခွင့်ပြုမိန့်ရရှိပါက AirBus လေယာဉ်ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာသို့ ပြေးဆွဲလျှက်ရှိသည့် လေကြောင်းလိုင်း (၂၂)လိုင်း ရှိလာပြီး ၂၀၁၂ ခုနှစ်အတွင်း တိုးချဲ့ပျံ သန်းပြေးဆွဲလာသော Korea Air, Qatar Airways, Eva Air, All Nippon Air lines, Singapore Airlines, Hongkong Dragon, Condor Airlines, Trans Asia Airways စသည့် လေကြောင်းလိုင်း (၈)ခုရှိကြောင်း သိရှိရသည်။
ပြည်တွင်းခရီးစဉ်များကို လေကြောင်းလိုင်း(၆)လိုင်းမှ လေယာဉ်(၃၄)စီးဖြင့် ပြေးဆွဲလျှက်ရှိပြီး လက်ရှိ တွင် လေကြောင်းလိုင်းများ ပျံသန်းနေသည့် ပြည်တွင်း၌လေဆိပ်(၂၇)ခုရှိကြောင်းကိုလည်းသိရသည်။
www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်