From :
.သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီ မိနစ် (၂ဝ)တွင် ဂျပန်နိုင်ငံ
အောက်လွှတ်တော်အမတ်နှင့် ဒုတိယဝန်ကြီးချုပ် မစ္စတာ တာရိုအာဇို ဦးဆောင်သည့်
ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ
ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများနှင့်
ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ
နီပွန်ဖောင်ဒေးရှင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ
တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
ရှေးဦးစွာ ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်က
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသော မစ္စတာ
ရှင်ဇိုအာဘေး ပေးပို့လိုက်သည့် သဝဏ်လွှာ အား နိုင်ငံတော်သမ္မတထံ ပေးအပ်ပြီး
တိုင်းရင်းသားရေးရာနှင့် ပြည်သူ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊
အုပ်ချုပ်မှုဆိုင်ရာ နည်းစနစ် ပိုမိုကောင်းမွန်ရေးအတွက် လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
ကဏ္ဍများ ခွဲခြား၍ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုကဏ္ဍ၊ ဥပဒေကဏ္ဍ၊ နိုင်ငံတော်အဆင့်
စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး၊
အစိုးရ အချင်းချင်းသာမက ပုဂ္ဂလိက အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု
အလေးအနက်ထား ဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု၊ အားကစား၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊
ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေး ကဏ္ဍများနှင့် တက္ကသိုလ်၊ ဆေးရုံများ
အဆင့်မြှင့်တင်ရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများအတွက် လိုအပ်သော
အကူအညီများ ကူညီထောက်ပံ့ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်