မြန်မာအတိုက်အခံ ခေါင်းဆောင်တွေဟာ တာဝန်ယူလိုစိတ်မရှိဘူး၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းမရှိဘူးလို့ လေ့လာသုံးသပ်သူတို့ရဲ့ စစ်တမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဒဖ ပါတီဝင်တွေက အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ပြောတဲ့ စကားကိုယ် ဘယ်တော့မှာ တာဝန်ယူနိုင်စွမ်းမရှိဘူးလို့လည်း မှတ်ချက်ပေးခံရပါတယ်။ ရွေးကောက်ပွဲဝင်ခြင်းဟာ ပြည်သူတွေကို လှည့်ဖျားရာ ရောက်ပါတယ်လို့ ကိုယ်တိုင်ပြောကြားခဲ့ဖူးပြီး အခုတခါ ကိုယ်တိုင်လွှတ်တော်အမတ်လုပ်ဖို့ တာဆူနေပြန်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ အဒဖ ကလည်း အနိုင်ရတဲ့ရလဒ်ကို ယူနိုင်တဲ့ အရည်အချင်းမရှိခဲ့ပါဘူး၊ မဲဆွယ်စည်းရုံးက ပြောခဲ့သမျှ စကားတွေ အားလုံးကိုလည်း တစ်ခွန်းမှ တာဝန်မယူနိုင်ပြန်ပါဘူး။ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေကပဲ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ၉၀ ရလက်က လက်တွေမကျဘူး ဆိုတဲ့ စကားကို မကန့်ကွက်ပဲ ၎င်း ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေကို ဖျက်ဖို့ လုပ်နေကြတာကို တွေ့ရပြန်ပါတယ်။
၂၀၁၀ နိုဝင်ဘာကနေ ၂၀၁၁ နိုဝင်ဘာအတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေလဲ၊ ဘာတွေလုပ်ခဲ့လဲ၊ သူပြောခဲ့တဲ့ စကားတွေအတွက် ဘာတွေ တာဝန်ယူနိုင်ခဲ့လဲ ဆိုတာ တစ်နစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဘယ်သူမှ မမေးခဲ့၊ သူလည်း မဖြေခဲ့ပါဘူး။
ပြည်ပမှာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်တွေလည်း တာဝန်မယူတက်ကြဘူးလို့ သိရပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ဆိုတဲ့နေရာတော့လိုချင်ကြပါတယ်။ ငါ့အဖွဲ့အစည်းတိုးတက်အောင်၊ အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေး၊ သူတို့ခလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး လုပ်ပေးဖို့တော့ အရည်အချင်းမရှိ ပျက်ကွက်ကြတာကြောင့် အဖွဲ့တွေထဲမှာ တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာအတိုက်အခံအဖွဲ့တွေဟာ ABSDF DPNS NLDLA KNU PDF PPF PLF ALP NDD ဆိုတဲ့ နာမည်မျိုးဆုံနဲ့ ရှုတ်ရှက်ခက်နေအောင် ရှိပေမယ့် မြန်မာလူထုအတွက်တော့ တစ်ဖွဲ့မှ သုံးစားမရပါဘူး။ ၎င်းအဖွဲ့တွေက အဖွဲ့ဝင်တွေအတော်တော်များများနယ်စပ်မှာရှိကြသေးတယ်လို့ သိရပါတယ်။ တချို့ လည်း ကိုယ့်ဘဝ ကောင်းစားဖို့အတွက် တိုင်းပြည်ကို ခြေစုံကန်ပြီး တတိယနိုင်ငံထွက်ကုန်ကြပါတယ်။
အဓိက အကြောင်းအရင်းကတော့ ခေါင်းဆောင်မှု ညံ့ဖျင်တာတွေကြောင့် အဖွဲ့အစည်းကို စိတ်နာသွားကြတာ ဖြစ်ကြောင်း သိရပါတယ်။ ဘုရားသုံးဆူ အခြေစိုက် ABSDF တပ်ရင်း-၁ က ရဲဘော်တွေဟာ တောထဲက ရာဘာခြံတွေမှာရာဘာခြစ်ရပြီး စားရပြီး နေရတော့လည်း စုတ်ပြတ်သတ်နေကြပါတယ်။ ခလေးတွေ လည်း ကျောင်းမထားနိုင်ကြပဲ မိဘနဲ့အတူ ရာဘာခြစ်ရ ၊ တောထဲကသီးပင်စားပင်တွေကို ရှာစားကြရပါတယ်။
သူတို့တွေကို အဲဒီဖွဲ့ထဲ ဝင်ပြီး အဲ့လို စုတ်စုတ်ပျက်ပျက်နေဖို့ ဘယ်သူကမှ ဖိအားမပေးခဲ့ပါဘူး။ သူတို့ဘာသာ အစိုးရကို ဆန့်ကျင်ပြီး ဝင်သွားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အားကိုးတဲ့ အဖွဲ့အစည်းကလည်း သူတို့စားဝတ်နေရေးပြေလည်အောင်မလုပ်နိုင်ဘူး။ အဲဒီ ပြသနာတွေရဲ့ တာဝန်အရှိဆုံးကတော့ လက်ရှိ ABSDF ဗဟိုကော်မတီပဲဖြစ်တယ်။ အထူးသဖြင့် ကိုသံခဲမှာတာဝန်ရှိတယ်။ ဒါပေမယ့် ကိုသံခဲ ဟာ ခါင်းဆောင်တော့လုပ်ချင်တယ်။ ဒီပြသာနာလေးတောင်မဖြေရှင်းနိုင်ပါဘူး။
တပ်ရင်း ၁-က ရဲဘော်တွေ ခလော့ခနီ ဒုက္ခသည်စခန်းမှာဖြစ်ချင်တိုင်းဖြစ်။ အလုပ်မရှိ၊ အကိုင်မရှိ၊ စားဖို့တောင်အနိုင်အနိုင်ဖြစ်နေကြတယ်။ ယူအန်အစီအစဉ်နဲ့တတိယနိုင်ငံထွက်ဖို့လုပ်ပြန်တော့လည်း အဆင်မပြေ။ ဒီလိုပဲချောင်ပိတ်ပြီးနေရရှာတယ်။ ကိုယ့် စားဝတ်နေရေးကို လုံးပန်းနေရလို့ နိုင်ငံ့အကျိုး၊ ပြည်သူလူထု အကျိုးဆိုတာကို သတိတောင် မရပါဘူး။ ဒါပေမယ့် သူတို့ဘာသူ နေချင်လို့ သွားနေပြီး ဆင်းရဲစုတ်ပျက်တာတွေကိုတော့ အစိုးရကြောင့် ဆိုပြီး ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ လာရိုက်ကြပြီး တင်ကြပါတယ်။
၈၈-ကတည်းက တောခိုလာတဲ့ ကျောင်းသားတွေလည်း နောက်ဆုံး တော့ ကိုယ့်ရဲ့ ခံစားခွင့်က ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတဲ့ဘ၀ဖြစ်ကုန်ကြပါတယ်။ ခွေးကမှ အတိုက်အခံတွေထက် ပိုပြီးတန်ဖိုးရှိပါအုံးမယ်။ ဒီလိုဖြစ်အောင်လုပ်တာ ABSDF ဗဟိုကော်မတီဘဲဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အရင်တုန်းက ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ မိုးသီးဇွန်၊ နိုင်အောင်ဦး တို့တုန်းကလည်း ဒီထက်ဆိုးတာတွေ ရှိပါတယ်။
မဲဆောက်နဲ့၊ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရဲဘော်တွေလည်း တပ်ရင်း-၁ အဆင့်တန်းချင်း အတူတူဖြစ်ပါတယ်။ နောက်ဆုံးတော့ ဘာတော်လှန်ရေးမှ မလုပ်လိုက်ရပဲ တတိယနိုင်ငံ ရောက်ကုန်ကြရတာပါပဲ။
NLD-LA နဲ့အခြားအဖွဲ့ကရဲဘော်တွေမှာလည်း အဖွဲ့အစည်းကခေါင်းဆောင်တွေရဲ့ တာဝန်မဲ့ခြင်းကို ခံကြရပါတယ်။ အဲလိုနဲ့ အဖွဲ့အစည်းအပေါ်မှာ မကျေနပ်ချက်တွေ များလာတော့ တတိယနိုင်ငံလည်းရောက်ချိန်မှာ မိမိအဖွဲ့အစည်းကို ဘာမှပြန်ပြီးကူညီမပေးကြတော့ပါဘူး။ အစတုန်းက ပြောတာတော့ နိုင်ငံနဲ့ လူမျိုးအတွက် တော်လှန်ရေးလုပ်မယ်ပြောခဲ့ကြပြီး နောက်ဆုံးကျတော့ ကိုယ့်အဖွဲ့သေးသေးလေးထဲမှာ အချင်းချင်း မတည့်ကြပဲ ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအတွက်ပဲ လုပ်ကြပါတော့တယ်။ ဘယ်အတိုက်အခံတစ်ယောက်မှ နိုင်ငံနဲ့ လူထုကို ကောင်းကျိုးမပေးခဲ့ပါဘူး။ အချို့ကတော့ ဒါတွေဟာ အဖွဲ့အစည်းက ခေါင်းဆောင်တွေတာဝန်ကင်းမဲ့ခဲ့လို့ လက်စားချေခံရတာလို့ သုံးသပ်ကြပါတယ်။
နို့ဘိုးဒုက္ခသည်စခန်းမှ NLD-LA ကရဲဘော်ကြီးတစ်ယောက် လေဖြတ်ချိန်မှာ သူ့မိန်းမက သူ့ကို သူများအိမ်မှာလိုက်ပြီးအ၀တ်လျှော်ကြွေးရပြန်ပါတယ်။ ခလေးနှစ်ယောက်က ဟိုအပင်တက်ဒီအပင်တက်ပြီး အိမ်ရဲ့ စားဝတ်နေရေးကိုဖြည့်တင်းရပါတယ်။ အခုသူတို့မိသားစု အမေရိကန်ကိုရောက်နေကြပါပြီ။ NLD ဆိုတဲ့ အသံကိုတောင် မကြားချင်ဖြစ်နေပြီး ဘယ်သူနဲ့မှ မဆက်ဆံပဲ သီးသန့်နေထိုင်နေပါတယ်။ တကယ်တမ်းတော့ သူတို့စိတ်နာတာက NLD ကိုပါ။ ဒါပေမယ့် အများအမြင်မှာတော့ အစိုးရနဲ့ စစ်တပ်ကို စိတ်နာတယ်လို့ ထင်စေပါတယ်။
မည်သည့်ရဲဘော်မဆို ကိုယ်လုပ်ခဲ့တဲ့အလုပ်အပေါ်မှာတော့ သံယောဇဉ်နဲ့တန်ဖိုးထားမှုရှိတယ်။ အလားတူ KNU PDF ALP PLF PPF ရဲဘော်တွေလည်းဒီအတိုင်းပဲ။ အဖွဲ့အစည်းက ထမင်းနပ်မှန်အောင်မကြွေးနိုင်ရှာဘူး။ ခိုင်းစရာရှိရင်တော့ ခေါ်ခိုင်းတယ်။ တော်တော် ခေါင်းဆောင်မပီသတဲ့လူတွေပဲ။ အနည်းဆုံးတော့ မိမိအဖွဲ့ဝင်တွေကို တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးသင့်တာပေါ့။
DPNS က ခေါင်းဆောင်ဆိုသူတွေလည်း အလွန်ညံ့ဖျင်းကြပါတယ်။ အဖွဲ့ဝင်အတွက် ကန့်ထဲဝင်ရင်ပေးတဲ့ငွေက တပြားနှစ်ပဲ ရှိပေမယ့် မဲဆောက်က ခေါင်းဆောင်နဲ့မိန်းမ၊ သူ့သားသမီးကြတော့ အလျှံအပယ်စားနိုင်သောက်နိုင်ကြပါတယ်။ ကျောင်းကောင်းကောင်းထားနိုင်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့ဝင်တွေနိုင်ငံခြားအဆင်ပြေတဲ့အခါမှာတော့ ခေါင်းဆောင်တွေကို ဆဲကြပါတယ်။ အဲဒီလို ခေါင်းဆောင်ပိုင်းက အကျင့်ပျက် ချစားမှုတွေနဲ့ လက်အောက်ငယ်သားတွေက ခေါင်းဆောင်တွေအပေါ်မှာ အာဏာဖီဆန်မှုတွေ က မြန်မာအတိုက်အခံ အဖွဲ့အစည်းတိုင်းမှာ ပြည့်နေပါတယ်။ ခေါင်းဆောင်တွေကတောင် ပညာအရည်အချင်းမရှိ၊ ခေါင်းဆောင်နဲ့တူတဲ့ တန်တဲ့အရည်အချင်း မရှိ၊ အသိစိတ်ဓာတ်ကင်းမဲ့ကာ တာဝန်ယူနိုင်တဲ့ အရည်အချင်းမရှိတော့ အဲဒီအဖွဲ့အစည်းက ကျန်တဲ့လူတွေဆိုရင် ပိုဆိုးပါတယ်။ အဆင့်တန်းလုံးဝ မရှိတဲ့ အောက်တန်းစားတွေ များပါတယ်။ ဒီလို အောက်တန်းစား ခေါင်းဆောင်တွေနဲ့ အောက်တန်းစား အဖွဲ့တွေရဲ့ အချင်းချင်း သဗြွတ်အူလို အရှုတ်အထုတ်တွေ ရှင်းနေရင်းနဲ့ပဲ ၂၃ နှစ်ကြာခဲ့ရပါတယ်။ နိုင်ငံနဲ့ လူထုအတွက် ဘာဆိုဘာမှ မလုပ်လိုက်ရပါဘူး။
အခုလက်ရှိ ခေါင်းဆောင်တွေလည်း ဘာမှ အရည်အချင်းမရှိပါဘူး။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တည်ကြည်ပြတ်သားမှု မရှိပါဘူး။ ကျန်တဲ့ အဖွဲ့အစည်းတိုင်းက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် မျက်နှာကြည့်ပြီး ဘာကို မှ ပြတ်ပြတ်သားသား မလုပ်နိုင် ဖြစ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးအောင်ကြည်နဲ့ ပထမဆုံး တွေ့တုန်းက မျက်နှာက သိသိသာသာ ပျက်နေတာကို အားလုံး သတိထားမိပါတယ်။ ဒုတိယ တွေ့တော့ နဲနဲ ပြုံးလာပါတယ်။ တတိယ တွေ့ပြီးချိန်မှာတော့ ၂၀၀၈ အခြေခံဥပဒေ အရ ပါတီကို မှတ်ပုံတင်လိုက်တဲ့ အပြင် ကိုယ်တိုင်ပါ ရွေးကောက်ပွဲ ဝင်မယ် ဖြစ်သွားပါတော့တယ်။
၂၀၀၈ အခြေခံဥပဒေကို ပြင်မယ်၊ အတွင်းက ပြင်မယ်၊ အပြင်က ပြင်မယ် ၊ လုံးဝ လက်မခံနိုင်ဘူး ၊ အမတ်တွေကိုလည်း အထင်အကြီးဘူး၊ အစိုးရကိုလည်း အသိအမှတ်မပြုဘူး လို့ အတိုက်အခံတွေက ပြောခဲ့ကြပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည်ကလည်း တစ်သားတည်း ရပ်တည်ခဲ့ပါတယ်။ နောက်ဆုံးကျရင်တော့ အတိုက်အခံတွေက အခြေခံဥပဒေကို မပြင်လိုက်ရပဲ အခြေခံဥပဒေကပဲ အတိုက်အခံအဖွဲ့တွေရဲ့ ဦးတည်ချက်တွေကို ပြင်သွားတာကို ဒီနေ့ မြင်နေရပါတယ်။ အဓိကတော့ ခေါင်းဆောင်တွေက ကိုယ့်စကားကို တာဝန်ယူနိုင်တဲ့အရည်အချင်းမရှိ၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိလို့ပါပဲ။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်