From :
..7day
မြစ်ကြီးနားတွင် မေ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဦးစွာဆောင်ရွက်မည်လား၊ နိုင်ငံရေးဆွေးနွေးပွဲများ အရင်ပြုလုပ်မည်လားဆိုသည်ကို အဓိကထားကာ အကြေ အလည်ဆွေးနွေးခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စများကိုလည်း သီးခြားအစည်းအဝေးများ ပြုလုပ်ကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်
ကြောင်းသတင်းရရှိသည်။
အစိုးရဘက်မှ တစ်လျှောက်လုံး ပြောလာခဲ့သည့်အတိုင်း အပစ်အခတ်ရပ်စဲရေးကို ဦးစွာလက်မှတ်ရေးထိုးလိုနေပြီး ကေအိုင်အိုဘက်မှလည်း အစဉ်တစိုက်ပြောကြားခဲ့သည့်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ပြီးမှသာလျှင် အပစ်အခတ်ရပ်ရေးသဘောတူရန် ဆန္ဒရှိနေသည်။
ထို့ကြောင့် မေလ ၂၈ ရက် နံနက် ၉ နာရီမှစတင်ကာ လေးနာရီကျော်ကြာ ဆွေးနွေးခဲ့သည်တွင် ထိုအချက်ကို အဓိကထားဆွေးနွေးခဲ့ကြသည်
ဟုသတင်းရရှိသည်။
“တိုင်းရင်းသားတွေက တောင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှု ကို မဖြစ်မနေဆောင်ရွက်သွားမှာပါ။ ကေအိုင်အိုနဲ့ ဆွေးနွေးပွဲအောင်မြင်ရင် နိုင်ငံတော်သမ္မတကြီးက ဇွန်၊ ဇူလိုင်လောက်မှ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ အလုံးစုံအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို
ကျင်းပဖို့ စိတ်အားထက်သန်နေပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက
ဆွေးနွေးပွဲအဖွင့် နှုတ်ဆက်စကားတွင် ပြောကြားခဲ့သည်။
ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “၁၇ နှစ်ကြာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွေ့ အကြုံက ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေချဖို့ အခက်အခဲဖြစ်စေပါတယ်”ဟု ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။
အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်လိုကြောင်းကိုလည်း တက်ရောက်လာသည့် တပ်ပိုင်းဆိုင်ရာ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက သမ္မတဦးသိန်းစိန်ပြောကြားခဲ့သည့် စကားကို ရည်ညွှန်းကာ “နိုင်ငံရေးအရ ဆွေးနွေး
ညှိနှိုင်းဖို့ အရင်ဆုံးပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့လိုပါတယ်” ဟု ပြောဆိုသွားခဲ့သည်။
ထို့ကြောင့် မြစ်ကြီးနားဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး ဦးစွာလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်မည်လား၊ နိုင်ငံရေးဆွေးနွေးပွဲများ အရင်ဆုံးပြုလုပ်သွားနိုင်အောင် ဆောင်ရွက်ကြမည်လားဆိုသည်နှင့် သဘောတူညီမှု တစ်စုံတစ်ရာရရှိနိုင်ရန် မေလ ၂၉ ရက်တွင် မြစ်ကြီး
နားမြို့မှာပင် သီးခြားအစည်းအဝေးများပြုလုပ်ကာ ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ
က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို မြစ်ကြီးနားဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ချရန် အာဏာကုန်လွှဲအပ်လိုက်
သည့်အတွက် ယခုဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် တပ်ပိုင်းဆိုင်ရာပြဿနာများကို အဖြေတစ်ခုရသည် အထိ ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း နှစ်ဖက်လုံးမှ တက်ရောက်လာသူများက ခန့်မှန်းလျက်ရှိကြသည်။ တပ်ပိုင်းဆိုင်ရာကိစ္စများကိုလည်း အစည်းအဝေးခန်းမတွင်မဟုတ်ဘဲ သီးခြားလွတ်လပ်သည့်နေရာများတွင် သီးခြားတွေ့ဆုံကာ ဆွေးနွေးနိုင်ရေးလည်း ကေအိုင်အေဘက်က တောင်းဆိုထားသည်။
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်မှ ကချင်လူမျိုးများ၏ အောင်မြင်မှု အထိမ်းအမှတ်နေရာဖြစ်သည့် မနောကွင်း၌ ဆွေးနွေးပွဲကို ပထမဆုံး ကျင်းပနိုင်ခြင်းကြောင့် ယခုဆွေးနွေးပွဲမှ အောင်မြင်သောရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟုခန့်မှန်းကြောင်းလည်း ဆွေးနွေးပွဲအစ တွင် နှစ်ဖက်တာဝန်ရှိသူ ခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။
ယခုဆွေးနွေးပွဲတွင် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများအဖြစ် ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ရန်ကုန်မြို့ တရုတ်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ မစ္စတာလုရှီတို့ တက်ရောက်သည်ကို တွေ့ရသော်လည်း ယခင်က ဖိတ်ကြားမည်ဟု ပြောကြားခဲ့သော အမေရိကန်နှင့် ယူကေမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိသည်ကို တွေ့ရသည်။ ပြည်တွင်းလေ့လာ စောင့်ကြည့်သူများအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ထူးခြားချက်အနေနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဖြစ်သည့် ကချင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူနှင့် ဦးခက်ထိန်နန်တို့တက်ရောက်ခဲ့သည့်အပြင် ကချင်လူမှုရေးခေါင်းဆောင်များနှင့် မြို့မိမြို့ ဖများကိုလည်း ဆွေးနွေးပွဲတွင် တက်ရောက်နားထောင်ခွင့်ပေးခဲ့သည်။
.
. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်