Subscribe to our RSS Feed

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံနှင့် ဂျပန် နိုင်ငံ ပူးတွဲ ကြေညာချက်

From : ..မြဝတီ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံနှင့် ဂျပန် နိုင်ငံ ပူးတွဲ ကြေညာချက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပူးတွဲ ကြေညာချက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အတူတကွ လက်တွဲ ၍ ပြည်သူနှင့်ပုဂ္ဂလိက ကဏ္ဍများ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထောက်ခံသွားရန်၊ မြန်မာနိုင်ငံအား ကြွယ်ဝ ချမ်းသာပြီး ပြည်သူများ၏ လူနေမှု ဘဝ အဆင့်မြှင့် တင်ရန်၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်၊  ပြည်ပရင်းနှီး မြှုပ်နှံမှုများအတွက် ကောင်းမွန်သည့် ဝန်းကျင် ထူထောင်ပေးရန်၊ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်ရန်၊ ယဉ်ကျေးမှုနှင့် အားကစား ဖလှယ်မှုများ မြှင့်တင်ရန်၊ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင် ရွက်မှု တိုးမြှင့်ရန် တို့ကို ဆုံးဖြတ်ခဲ့ကြ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးသည် မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်၊ မေ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ တရားဝင် ခရီးလာရောက် လည်ပတ် ခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများသည် မြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် တည်ရှိပြီး ဖြစ်သော ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တည်တံ့ ခိုင်မြဲရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့သည် အတူတကွ လက်တွဲ၍ အောက်ဖော်ပြပါ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
(၁) မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် ထောက်ခံမှု
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း၊ တရားဥပဒေ စိုးမိုးရေး တည်ဆောက်ခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင် အထည် ဖော်ခြင်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တို့ အပါအဝင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစွမ်းကုန် ဆက်လက်လုပ် ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးမှလည်း ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ အင်အားကို ပူးပေါင်းလျက် မြန်မာနိုင်ငံ အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ အပေါ် ဂျပန်နိုင်ငံမှ ဆက်လက် ထောက်ခံ သွားရန် ရည်ရွယ်ကြောင်း ထပ်လောင်း ပြောကြားသည်။
(၂) နှစ်နိုင်ငံ ကြီးပွား ချမ်းသာရေး ဆီသို့
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းဌာန ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင် နိုင်မှုစွမ်းရည် တည်ဆောက်ရေးနှင့် ကျေးလက်ဒေသနှင့် တိုင်းရင်းသား လူနည်းစုဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့သည် မြန်မာနိုင်ငံအား ကြွယ်ဝချမ်းသာပြီး ပြည်သူများ၏ လူနေမှု ဘဝ အဆင့်မြှင့်တင်ရေး အတွက် အရေးကြီးသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ခံသောအားဖြင့် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင် အထည် ဖော်ခဲ့ပြီး ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား ယန်းချေးငွေ သစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်သွားရန် ဆုံးဖြတ် ခဲ့ကာ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယန်းချေးငွေ သစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရေး သဘောတူညီမှု စာချုပ်များကို လဲလှယ်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးတို့သည် မြန်မာ အစိုးရ၏ စွမ်းဆောင်နိုင်မှု စွမ်းရည် တည်ဆောက်ရေးနှင့် အဖွဲ့အစည်း ဌာနဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ဂျပန်နိုင်ငံနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း သဘောတူကြပြီး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ကို ပိုမိုမြှင့်တင်ရန် သန္နိဋ္ဌာန် ချခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများမှ တစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆောလျင်စွာ လက်မှတ် ရေးထိုး နိုင်ရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် အကောင်အထည် ဖော်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ သီလဝါ စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် သွားရေး အတွက် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးများကို လက်တွဲ လုပ်ဆောင်သွားရန် သဘောတူ ခဲ့ကြသည်။
မကြာသေးမီက စတင်ခဲ့သော ဂျပန်- မြန်မာ ပူးတွဲပဏာမ ခြေလှမ်း ခေါင်းစဉ်အောက်မှ ဆွေးနွေးမှု များဖြင့် မြန်မာ နိုင်ငံတွင် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ မှုများအတွက် ကောင်းမွန်သည့် ဝန်းကျင် တစ်ခု ထူထောင်ပေးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အဖွဲ့ အစည်းတို့ကို မထိခိုက်စေရန် လုပ်ဆောင်သွားရေး စသည့်အချက် များကို ထည့်သွင်း စဉ်းစားကာ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ၏ ကတိကဝတ် ပြုမှုအပေါ် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၊ သမ္မတ ဦးသိန်းစိန်မှ ထပ်လောင်းကတိ ပြုခဲ့သည်။
(၃)  နှစ်နိုင်ငံ ပြည်သူ အချင်းချင်းနှင့် ယဉ်ကျေးမှု ဖလှယ်မှု တိုးမြှင့်ရေး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်း နှင့်အတူ ယဉ်ကျေးမှု အမွေ အနှစ် များလည်း ရှိကြသည့်အပြင် အစားအစာနှင့် ဘာသာရေး တွင်လည်း တူညီမှု များစွာ ရှိကြသည်။ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား သံတမန် ထူထောင်မှု အနှစ်(၆ဝ)ပြည့် မြောက်မည် ဖြစ်သည်။ နှစ်နိုင်ငံ အကြား တည်ရှိသည့် ချစ်ကြည် ရင်းနှီးမှုသည် နှစ်နိုင်ငံ ပြည်သူများအကြား နှစ်ပေါင်းများစွာ ကူးလူး ဆက်ဆံမှုများ မှတစ်ဆင့် ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည်မှုကို ဖြစ်ထွန်းစေခဲ့ပြီး ကဏ္ဍအားလုံးတွင် ဆက်လက်တိုးမြှင့် ဆက်ဆံသွားမည် ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံ JEMESYS 2.0 လူငယ်များ အပြန်အလှန် လည်ပတ်မှု အစီအစဉ်ကို ပိုမို တိုးမြှင့် သွားရေးကို မြင်တွေ့ရန် မျှော်လင့်ကြောင်း ပြောကြားသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် ခရီးသွားများ လွယ်ကူစွာ လာရောက်နိုင်ရေး ကူညီပေးရန် ရည်ရွယ်ကြောင်း ကတိပြု ပြောကြားသည်။
နှစ်နိုင်ငံ အကြား သမိုင်းကြောင်းအရ ရှည်လျားသည့် ယဉ်ကျေးမှုနှင့် အားကစား အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်ရန်နှင့် ယဉ်ကျေးမှုနှင့် အားကစား ဖလှယ်မှုများကို ပိုမိုမြှင့်တင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ သဘော တူညီခဲ့ သည်။ အထူး သဖြင့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ၌ ကူညီပံ့ ပိုးပေးရန် ဝန်ကြီးချုပ် မစ္စတာ အာဘေးမှ ထပ်လောင်း ပြောကြားခဲ့သည်။
(၄) နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာလာစေရေး
နှစ်နိုင်ငံ ခေါင်းဆောင်များမှ အာရှ- ပစိဖိတ် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာ ဒေသ အသီးသီး၌ ဒေသတွင်း ကိစ္စ ရပ်များနှင့် လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးမှုများ ပိုမို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များမှ နှစ်နိုင်ငံ ကာကွယ်ရေး အဖွဲ့အစည်းများ အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်လည်း ဆုံးဖြတ် ခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အထက်ဖော်ပြပါ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးတက် ခိုင်မာစေရန်အတွက် ဂျပန်နိုင်ငံမှ ကြေညာထားသည့် အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက် ရှိသည့် ပြုပြင် ပြောင်း လဲရေး လုပ်ငန်း စဉ်များကို အကျိုးပြုမည် ဖြစ်ကြောင်း အသိအမှတ်ပြု ခဲ့သည်။ ဂျပန်အစိုးရ အပါအဝင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ အထောက်အကူ ပေးလျက်ရှိသည့် သို့မဟုတ် အထောက် အကူပေးရန် ဆောင်ရွက်ဆဲ ဖြစ်သည့် ဘက်စုံ အထောက်အကူ ပေးရေး စီမံကိန်းများ အတွက် ပူးပေါင်း ဆောင်ရွက်မှု ပိုမို တိုးမြှင့်ရန် အတည်ပြု ခဲ့ကြရာ နှစ်နိုင်ငံ ခေါင်းဆောင်များမှ ကြိုဆို ခဲ့ကြသည်။
ယခုနှစ်သည် အာဆီယံ- ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး နှစ်(၄ဝ) ပြည့်မြောက်သည့် အခါသမယ ဖြစ်ရာ ဂျပန်- အာဆီယံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များမှ သဘော တူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီမှု အရ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ယခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ဂျပန်- အာဆီယံ အထူး ထိပ်သီး ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်မည်ဟု ကတိကဝတ် ပြုခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် လက်ခံ ကျင်းပရာတွင် လိုအပ်သည် များကို ဂျပန်နိုင်ငံမှ အထောက်အပံ့များ ဆက်လက် ပေးအပ် ခြင်းကို ကြိုဆိုသည်။
နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ မေလ ၂၆ ရက်

.. www.MyanmarExpress.net
 

2 comments:

လုပ် လိုက် စမ်း ပါ မြန် မြန် လေး တ ရုတ် နယ် ချဲ့ ကောင် တွေ အ မြင် ကပ် လို့ ပါ မြန် မာ နိုင် ငံ သူ ပုန် တွေ မြှောက် ပင့် ပေး ပြိး မြန် မာ့ နိုင် ငံ ရေး ဝင် ရူတ် နေ တယ မွှေ နေ တယ် အိမ် နီး ချင်း ကောင်း မ ပီသ ဘူး မြန် မာ့ စီး ပွား ရေး တ ရုတ် ကို မ မှီ ချင် တော့ ဘူး မြန် မြန် လုပ် ကြ ပါ

We have to give e'things the Japanese need 'cause the Japanese r not concerned with the militery affairs and the majority to upraise our economies.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်