Subscribe to our RSS Feed

ပီအာရ် ဥပဒေကြမ်း လွှတ်တော်ရေးနေပြီ

From : ..mizzima


အနာဂတ်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးမည့် ပီအာရ်စနစ်အမျိုးအစားကို သြဂုတ် ၁၈ ရက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဥပဒေကြမ်းရေးဆွဲမှုလုပ်ငန်းများ စတင်တော့မည်ဟု အမျိုးသားလွှတ်တော် (PR)စနစ် အကောင်အထည်ဖော်ရေး ကော်မရှင် အဖွဲ့ဝင် အချို့က မဇ္ဈိမကို အတည်ပြုသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်အလိုက် မဲအများဆုံးသူ အနိုင်ရစနစ်မှ ရရှိသည့် မဲအရေအတွက် စုစုပေါင်းဖြင့် အချိုးကျ ကိုယ်စားပြုခွင့်ရမည့် ပီအာရ်စနစ်ကို ပြောင်းလဲရန် အမျိုးသားလွှတ်တော်က စီစဉ်နေခြင်းဖြစ်သည်။

မည်သို့သော နည်းလမ်းအမျိုးအစား သုံးစွဲမည်ဆိုသည်ကိုမူ အသေးစိတ် ထုတ်ပြောရန် ခွင့်ပြုချက်ရမထားသည့် ကော်မရှင်အဖွဲ့ဝင်တို့က အတည်မပြုကြပေ။

သို့သော် အစည်းအဝေးအတွင်း နိုင်ငံတတာတွင် ကျင့်သုံးနေသည့် ပီအာရ် စနစ်များကို လေ့လာ၍ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အသုံးပြုမည့်နည်းလမ်းကို အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်ဟု ကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် မဲဆန္ဒအမှတ် (၇) အမျိုးသားအမတ် ဦးဗညားအောင်မိုးက ပြောသည်။

“ဒီနေ့ရလဒ်က အကြိတ်အနယ် ဆွေးနွေးပြီးမှ ရလာတာပါ။ မဲပေးတဲ့နေရာမှာ လူထုကြိုက်တဲ့ လူကို မဲပေးနိုင်ဖို့ အချက်တွေပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မည်သည့်နေရာတွင် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုသည်ကိုလည်း ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ဆုံးဖြတ်ထားပေမယ့် လွှတ်တော်မတင်ခင် သတင်းထုတ်ပြန်လို့ မရသေးပါဘူး”ဟု ဦးဗညားအောင်မိုးက ပြောသည်။

ပီအာရ်စနစ် ကျင့်သုံးရေး ဥပဒေကြမ်း ရေးဆွဲသည့် လုပ်ငန်းစဉ်ကို သြဂုတ် ၁၉ ရက်တွင် စတင်မည်ဟု ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃၊ အမျိုးသားအမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“ဒီနေ့က ဘယ်လိုစနစ်မျိုး ပုံစံမျိုးဆိုတဲ့ ဒီဇိုင်းတစ်ခု အတည်ပြုတာပေါ့။ နက်ဖြန်မှာ ဥပဒေကြမ်းဆွဲနိုင်အောင် ထပ်ဆွေးနွေးမှာပါ။ အငြင်းပွားစရာရှိနိုင်တဲ့ အချက်တွေက အစ အများစုလက်ခံနိုင်အောင် ထည့်သွင်းထားပါတယ်”ဟု ၎င်းက ပြောသည်။

ကော်မရှင်က ရွေးချယ်ထားသည့် ပီအာရ်စနစ်နှင့် သက်ဆိုင်သည့် ဥပဒေကြမ်းကို စက်တင်ဘာလတွင် ပြန်လည် ကျင်းပမည့် အစည်းအဝေးသို့တင်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ထားပြီး ဖြစ်သည်။

စနစ်ပြောင်းလဲကျင့်သုံးရေး အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်သို့ တင်သွင်းခြင်းဖြစ်သည်။ ယင်းနောက် ကော်မရှင်ဖွဲ့ပြီး နှစ်လကျော်အကြာတွင် ဥပဒေကြမ်းရေးဆွဲသည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်