From : ခေတ်လူငယ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ ကုလသမဂ္ဂမှ ချမှတ်ထားသော အချက် ၁၀ ချက်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ သဘောတူညီချက် Global Compact ကို မေလ ၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ “ဒီနေ့ ကုမ္ပဏီတွေက လက်မှတ်ထိုးတဲ့အခါ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာပါ့မယ်လို့ သဘောတူပြီး လက်မှတ် ရေးထိုးရတယ်။ စုစုပေါင်း ၁၅ ခုပေါ့။ ဒါပေမယ့် ဒီနေ့ အခမ်းအနားမှာ ပေးထားတဲ့ခေါင်းစဉ်က “promoting Responsible Business in times of transition - Towards Inclusive job creation and Sustainable Development” လို့ ပေးထားတယ်။ ရေရှည် Sustain ဖြစ်ဖို့အတွက်ဆိုရင်တော့ အဓိကက သစ်ထုတ်တဲ့ကုမ္ပဏီကြီးတွေ၊ ဥပမာ ပိုးသတ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေ၊ အရက်ချက်တဲ့ ကုမ္ပဏီတွေ ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း Sustainable Development ဖြစ်မှာပါ” ဟု ECO.DEV မှ ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။ ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်က လတ်တလောတွင် ၎င်း၏ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီ ၁၅ ခုမှ လက်မှတ်ရေးထိုးလိုက်ကြောင်း၊ နောက်ပိုင်းတွင် အခြားကုမ္ပဏီများလည်း ပါဝင်လက်မှတ် ရေးထိုးလာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဓိက ၁၀ ချက်တွင် သဘာဝပတ်ဝန်းကျင် ကိစ္စတစ်ခုတည်း သာမကဘဲ force labour ကိစ္စ၊ အခြားလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ကြောင်း ပြောပြခဲ့သည်။ အဆိုပါ Global Compact တွင် principle ၁၀ ခုပါဝင်ပြီး၊ Force labour, Child labour, Human rights, Environmental နှင့်ပတ်သက်ပြီး ရေရှည်တည်တံ့သော Sustainable development ဖြစ်ရမည့် အနေအထားများကို သက်ဆိုင်ရာ ကုမ္ပဏီများက လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ လက်မှတ်ရေးထိုးသည့် ကုမ္ပဏီများတွင် ဘိလပ်မြေစက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောလုပ်ငန်းများ ပါဝင်သင့်ကြောင်း သစ်ထုတ်နေရင်းနှင့် ယခုကဲ့သို့ လက်မှတ်ထိုးခြင်းမျိုးမှာ အဓိပ္ပာယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရှိနေသော သစ်ထုတ်လုပ်သည့် လုပ်ငန်းများအားလုံး Sustainable ဖြစ်သည့် လုပ်ငန်းမျိုး သိပ်မတွေ့ရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အကျိုးအမြတ် တစ်ခုတည်းကိုသာ မကြည့်ဘဲ ၎င်းတို့၏လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာများတွင် တာဝန်ယူမှု ရှိစေလိုသောကြောင့် UN မှ ဦးဆောင်သည့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအား ကိုယ်ကျိုးမကြည့်ဘဲ အများအတွက်လည်း တာဝန်ယူစေရန် ရည်ရွယ်ကြောင်း သုံးသပ်ကြပါသည်။ UN Global Compact သည် လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခြစားမှုတိုက်ဖျက်ရေး စသည့် မူ ၁၀ ချက်နှင့်အညီ ချိန်ညှိဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများ အတွက် မဟာဗျူဟာမြောက် မူဝါဒရေးရာ အစီအစဉ်ဖြစ်သည်။ နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကော်ပိုရေးရှင်းနှင့် အခြားသက်ဆိုင်သူများ ၈၇၀၀ ကျော် ပါဝင်ဆောင်ရွက်နေကြပြီး ကမ္ဘာပေါ်တွင် ကော်ပိုရေးရှင်းတာဝန်ရှိမှုကို စေတနာအလျောက် ဆောင်ရွက်နေသည့် အကြီးဆုံးလုပ်ငန်း တစ်ခုဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်