From : ခေတ်လူငယ်
ဆိုက်ရောက်ဗီဇာများနှင့် Business Visa များကို ဇွန်လ ၁ ရက်တွင် စတင်ပေးတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဧပြီ ၂၉ ရက်တွင် နေပြည်တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ Business Visa ကို မြန်မာနိုင်ငံနှင့် စီးပွားရေးဆောင်ရွက်မှု အများဆုံးလုပ်နေသည့် နိုင်ငံတွေကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် မေလ ၁ ရက်တွင် ဆိုက်ရောက်ဗီဇာ စနစ်အား စတင်ဆောင်ရွက်ခဲ့သေးသော်လည်း အချိန်ခဏဖြင့်ပင် ရပ်နားခဲ့ရသည်။ “ဆိုက်ရောက်ဗီဇာ ပေးလိုက်ရင်တော့ အဓိကတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှာပဲ။ ၂၀၁၀ တုန်းက ပေးတုန်းကလဲ တက်လာတာပဲ။ ဒါပေမယ့် ရေရှည်တော့ လုပ်ပေးဖို့လိုတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ခရီးသည်ဝင်ရောက်မှုတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်မှုတစ်ခုတည်းသည် သုံးသိန်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဧပြီလဆန်းပိုင်းအထိ လေးသိန်းခန့်ရှိနေပြီဖြစ်ကာ နှစ်ကုန်အထိ ၈ သိန်းခန့်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်းမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။ မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဗီဇာကို ယခင်ကထက် လွယ်ကူစွာ ရရှိနိုင်ပြီဖြစ်သော်လည်း ဟိုတယ်အခန်းရရှိရန်အတွက် အလွန်ခက်ခဲနေကြောင်း အထက်ပါပွဲသို့ တက်ရောက်လာသည့် နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောပြခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်