From : မီးပြတိုက် ( http://www.mee-pya-tite.com/ )
ရောမရောက်လျှင် ရောမလို ကျင့်ရသည်။
ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်။
ဥပဒေဟူသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။ ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို နိုင်ငံနှင့် ဆက်သွယ်သောအခါဖြစ်စေ၊ နိုင်ငံသားအချင်းချင်း ဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို ဖော်ပြထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူလူထုအကြား ချုပ်ဆိုထားသည့် ပဋိဉာဉ်စာချုပ်ဖြစ်သည်။
ကျွန်တော့်တွင် ပြောစရာအကြောင်းများ ရှိနေပါသည်။ ထို့ကြောင့်လည်း သက်ဆိုင်သည့် အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။ မြန်မာ့နွေဦးသည် မဝေးတော့သော အချိန်တစ်ခုတွင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ၁ နှစ်ခွဲကျော်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ သွားနေသည့် အရှိန်နှုန်းသည် မည်သို့ရှိသည်ကို တစ်ခါတစ်ရံ မှန်းဆရခက်ပါသည်။ အရှိန်မြန်လွန်းလျှင် ရပ်နေသကဲ့သို့ ခံစားရတတ်သည်ကို အားလုံးအသိ ဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ ဒီမိုကရေစီရောင်နီဦးသည် မပီဝိုးတ၀ါးမှ မလင်းတလင်းသို့ ရောက်ရှိလာသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ သို့သော် အပြည့်အ၀ စိတ်ချရသည်တော့ မဟုတ်သေးချေ။ လင်းသထက်လင်းလာပြီး အလျှံတငြီးငြီး ထွန်းလင်းတောက်ပမည်လား၊ သို့တည်းမဟုတ် တိမ်တိုက်တိမ်စိုင်တို့ကြောင့် ခပ်မှိန်မှိန်သာ မြင်ရမည်လား၊ သို့တည်းမဟုတ် မိုးသားတိမ်လိပ်တို့ကြောင့် အမှောင်ထုကို အရှုံးပေးရမည်လား၊ သေသေချာချာ မသိနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။ ရုပ်မြင်သံကြားမှာ မိုးလေ၀သသတင်း ကြေညာသလို "ကျန်းမာတော် မူကြပါစခင်ဗျာ... မြန်မာ့ဒီမိုကရေစီရေးအတွက် မနက်ဖြန်အထိ ခန့်မှန်းချက်ကတော့ နေသာပါ့မယ်" ဟု မည်သူကမျှ ကြေညာပြောဆိုနိုင်ခြင်း မရှိချေ။
စကားများ ဘေးချော်သွားပါသည်။ လိုရင်းကို ပြန်ဆက်ရပါလျှင် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းကာစ ယခုကဲ့သို့ အချိန်မျိုးတွင် ကျွန်တော်မကြားချင်ဆုံးသော၊ ကြားရလျှင် နားခါးသော စကားတစ်ခွန်း ရှိပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသူများ၊ အွန်လိုင်းပေါ်မှ သိကျွမ်းခင်မင် ရင်းနှီးရသည့် မိတ်ဆွေများ၊ နီးစပ်ရာအပေါင်းအသင်းများ စသည်စသည်တို့၏ ပါးစပ်များမှ ထိုကဲ့သို့သော အဓိပ္ပါယ်သက်ရောက်သည့် စကားများကို ပြောဆိုကြသည့်အချိန်တိုင်း ကျွန်တော်ကိုဉာဏ် သက်ပြင်းချမိပါသည်။ ထို့အတူ များစွာလည်း ရင်လေးမိပါသည်။ အခြားမဟုတ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပါသည်။ လူအမျိုးမျိုးမို့ သူတို့ပြောသော စကားများကလည်း အမျိုးမျိုး ဖြစ်ကြပါသည်။ သူတို့ပြောတတ်သည့် စကားများကို အောက်တွင်လေ့လာကြည့်ပါမည် -
ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခါမှကို မဖတ်ဖူးဘူး။ တမင်ကို မဖတ်တာ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရင်စစ်အစိုးရက သူတို့ရေးချင်သလို ရေးခဲ့တာပဲ၊ အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ (ကျွန်တော်က ဘာတွေပြင်မှာလဲဟု ပြန်မေးတတ်ပါသည်။ ထိုအခါ အင်း၊ အဲ သာ လုပ်နေတတ်ပါသည်။ ဘာပြောရမှန်း မသိကြပါ။)
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပဲ ရေးထား၊ ရေးထား အစိုးရက သူတို့လုပ်ချင်ရာ လုပ်တာပဲမလား။ ကျွန်တော်တို့အတွက် ဘာများအရေးပါလို့လဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အချိန်မရသေးလို့ မဖတ်ဖြစ်သေးတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က ပြင်မယ်လို့ပြောတယ်လေ။ အဲဒါ လုပ်ကို လုပ်သင့်တဲ့ အလုပ်ပဲ။ ကျွန်တော်ထောက်ခံတယ်။ (ကျွန်တော်က သူတို့တွေက ဘာတွေပြင်မယ်လို့ပြောသလဲဟု ပြန်မေးလျှင် သူတို့ပြန်ဖြေတတ်တာက တပ်ကိုယ်စားလှယ်တွေကို ဖြုတ်ပစ်မယ်ဟု ဖြေတတ်ကြပါသည်။ အခြားအချက်တွေကိုရောဟု မေးလျှင်တော့ ယောင်ဝါးဝါးများသာ ဖြစ်ကုန်ကြပါသည်။ NLD ပဲ ပြင်လို့ရတာလား၊ အခြားလူတွေရောဟု မေးလျှင်တော့ ဘုကြည့် ပြန်ကြည့်တတ်ကြပါသည်။)
အထက်ပါစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်နှင့် ထိတွေ့ဆက်ဆံသူများက ပြောတတ်ကြသည့် စကားများထဲမှ အချို့ ဖြစ်ပါသည်။ အကုန်အစင် မဟုတ်သေးပါ။ လူတစ်ချို့ဆိုလျှင် အင်မတန်မှ ပြင်းပြင်းထန်ထန်ကို ပြောတတ်ကြပါသည်။ ကြမ်းတမ်းသော စကားလုံးများပင် သုံးတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်တစ်ဦးတည်း၏ အတွေ့အကြုံ၊ အတွေးအမြင်အရ ကောက်ချက်ချရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုလေ့လာဖူးသူဟူ၍ ကျွန်တော်တို့နိုင်ငံသားများ၏ ၁၀% ပင် မပြည့်ပါချေ။ သဘောကတော့ လူတစ်ရာတွင် ဆယ်ယောက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုလေ့လာသည့်သဘော ဖြစ်ပါသည်။ ထိုပမာဏသည် အကောင်းမြင်စိတ် လွန်လွန်ကဲကဲဖြင့် ကောက်ချက်ချထားခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင် ဒီထက်အများကြီး လျော့နည်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုပင် မမြင်ဖူးသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာတွေပါမှန်းပင် မသိသော လူများ၊ ဒေသများ ကျွန်တော်တို့နိုင်ငံတွင် များစွာရှိနေပါသေးသည်။ ထိုအချက်သည် ၀မ်းသာရမည့် အချက်မဟုတ်ပါ။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှန်းမသိသည့် နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတစ်ခုသည် မည်ကဲ့သို့သော နိုင်ငံဖြစ်မလဲဆိုတာ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။
စာဖတ်သူများကို ကျွန်တော်ကိုဉာဏ် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုစေလိုပါသည်။ စတင်ရေးဆွဲကာ အတည်ပြု ပြဋ္ဌာန်းပြီးကတည်းက နောက်ထပ်ပြုပြင်ရန်၊ ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ နုတ်ပယ်ရန် မလိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်နိုင်ငံတွင် ရှိသည်ကို ဖြေကြားစေလိုပါသည်။ ကျွန်တော်၏ မဖြစ်စလောက် ဗဟုသုတဖြင့် ယနေ့အချိန်အထိ မကြားမိသေး၊ မတွေ့ရှိသေးသောကြောင့် ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော့်မေးခွန်းကို အငေါ်တူးကာ ပြန်ဖြေနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိနေတာပဲဟု။ ဟုတ်ကဲ့၊ ကျွန်တော်မငြင်းလိုပါ၊ လက်ခံပါသည်၊ သို့သော်လည်း သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသာ မရှိတာဖြစ်ပါသည်၊ အစိုးရက ဘာလုပ်ရမည်၊ ပြည်သူတွေက ဘာတွေကို လိုက်နာရမည် စသည့် ဥပဒေများတော့ ရှိပါသည်။ ထိုဥပဒေများသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတွေဟု ကျွန်တော်က ယူဆချင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို တည်ဆောက်သည်နှင့် ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းပြီး တိုင်းပြည်ကို တည်ဆောက်သည်တို့တွင် မည်သည့်အချက်က ပိုကောင်းသနည်းဟူသည့် မေးခွန်းကို စာဖတ်သူတိုင်း မှန်ကန်စွာ ဖြေကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းဘူးထင်လျှင် ကောင်းအောင်လုပ်ကြရပါမည်၊ လိုအပ်နေသေးသည်ဟုထင်လျှင် ပြင်ဆင်ရပါမည်၊ ဖြည့်စွက်ရပါမည်၊ ဒါတွေသည်ပင် ကျွန်တော်တို့၏ တာဝန်များ မဟုတ်ပါလော။ သူများရေးထားတာ ငါတို့အတွက် အဆင်မပြေဘူးဆိုလျှင် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမည်၊ အဖြေရှာရမည်၊ ဆောင်ရွက်ရပေမည်၊ သို့သော် ဥပဒေဘောင်အတွင်းက ဖြစ်ရမည်၊ အများအတွက်လည်း အဆင်ပြေတာ ဖြစ်ရမည်။ အားလုံးအတွက် အဆင်ပြေပြီး ငါတစ်ယောက်တည်းအတွက် အဆင်မပြေတာ ဆိုလျှင်တော့ဖြင့် အားလုံး၏ အမှားမဟုတ်တာ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပိုကောင်းပါသည်။
မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မိမိတို့ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ရှိတည်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည်၊ လိုက်နာရမည်မှာ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ပါသည်။ အခြားမိတ်ဆွေတစ်ဦး၏ အိမ်သို့ သွားလည်လျှင်ပင် ထိုအိမ်၏ စည်းကမ်းများကို၊ ဓလေ့ထုံးစံများကို လိုက်နာရပါလျှင် ကိုယ့်နိုင်ငံ၏ တည်ဆဲဥပဒေတစ်ရပ်ကို မလိုက်နာနိုင်စရာ အကြောင်းမရှိပါချေ။ ထိုသို့ မဖြစ်မနေ လိုက်နာလေးစားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နကန်းတစ်လုံးမျှ မသိနားမလည်ဟု ဆိုလျှင်တော့ ကိုယ်စီးနေတာ ဘာအကောင်မှန်းပင် မသိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ အထီးအမ ဆိုသည်က ဝေးလွန်းပါသေးသည်။
စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ပြောလိုသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိသူတွေ၊ မဖတ်ဖူးသူတွေ၊ စိတ်မ၀င်စားသူတွေ များပြားနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ မဖတ်ဖူးသည့် လူတစ်ယောက်က နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့မည်ပုံ စဉ်းစားတွေးခေါ်ကာ ဆောင်ရွက်မည်နည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံမသိလို့ နိုင်ငံအကျိုး မသယ်ပိုးနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါ။ သို့သော် မသိလျှင်တော့ နိုင်ငံသားတစ်ဦးအနေဖြင့် ရှက်စရာ ဖြစ်ပါသည်။ ထို့ပြင် သူများယောင်တိုင်း လိုက်ယောင်ရပါလိမ့်မည်။ သူများပြောသမျှ နားထောင်ရပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ အနာဂတ်၊ နိုင်ငံသားများ၏ အနာဂတ်တွေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ရှိနေသည်ဆိုသည်ကို လူတိုင်းလူတိုင်း နားလည်သဘောပေါက်ကြမှ ဖြစ်ပါလိမ့်မည်။
အသက်ရှင် ရပ်တည်မှုအတွက် အစားအစာကို စားကြရပါသည်။ ရေကို သောက်ကြရပါသည်။ ထို့အတူ နိုင်ငံသားတစ်ဦး ပီသစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရပါမည်။ သို့မှသာ မိမိတို့ကို အုပ်ချုပ်နေသူများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေနှင့် ညီမညီ သုံးသပ်နိုင်ကြပါလိမ့်မည်၊ ဆုံးဖြတ်နိုင်ကြပါလိမ့်မည်။ လွဲချော်နေလျှင် ထောက်ပြပေးနိုင်ပါလိမ့်မည်၊ တည့်မတ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့ မဟုတ်ပါမူ သူများပြောသမျှကို ခေါင်းညိတ်ရုံသာ လိုက်ညိတ်နေရပါလိမ့်မည်။ လတ်တလော ဖြစ်ပွားနေသည့် ခုံရုံးပြဿနာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်ရေးသားထားသည့် ကွန်းမန့်များတွင် ထိုအချက်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်ပင်မမြင်ဖူးပါဘဲ မိမိတို့ စိတ်ထဲထင်ရာ ရေးသားထားသည်များကို မြင်တွေ့ဖတ်ရှုရတိုင်း ရင်လေးမိပါသည်။
မိတ်ဆွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှေးအမြန် မဖြစ်မနေ ဖတ်ရှုပါလော့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Constitution of the Republic of the Union of Myanmar (2008)
Credit : ကိုဉာဏ် (ပန်းလောင်မြေ)
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်