Subscribe to our RSS Feed

မြန်မာနိုင်ငံ ဆန်စပါးအသင်း ကုန်စည်ဒိုင်တွင် အရန်ဆန် နေ့စဉ် ထုတ်ရောင်းပေးမည်



From : ခေတ်လူငယ်

ရာသီဥတု ဆိုးဝါးမှုကြောင့် တရိပ်ရိပ်မြင့်တက်နေသော ဆန်ဈေးနှုန်း တည်ငြိမ်ရန် ရည်ရွယ်ချက်ဖြင့် အရန်ဆန် တန်ငါးထောင်ကို ဝါးတန်းဆိပ်ကမ်း ဆန်စပါးကုန်စည်ဒိုင်တွင် စက်တင်ဘာလ ၁ ရက်နေ့မှစပြီး နေ့စဉ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါက်တာစိုးထွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ပြောကြားသည်။ ယခုနှစ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆန်ဈေးကွက်၏ ရောင်းလိုအားနှင့် ဝယ်လိုအား အချိုးမညီသဖြင့် ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဆန်စပါးအသင်းအနေဖြင့် ဈေးကွက်သဘာဝနှင့်အညီ ဆန်ဈေးနှုန်းကို ကန့်သတ်ခြင်း မပြုဘဲ ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆန်လက်ကား ဈေးကွက်ဖြစ်သည့် ဆိပ်ကမ်းမြို့နယ် ဝါးတန်းကုန်စည်ဒိုင်တွင် နေ့စဉ် အရန်ဆန်ကို ရောင်းချပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းတွင် အရန်ဆန် အလုံအလောက်ရှိပြီး MAPCO အများပိုင် ကုမ္ပဏီတွင်လည်း ဝယ်ယူထားသော ဆန်များရှိကြောင်း၊ ယင်းအပြင် ဆန်စပါးအထူးပြု ကုမ္ပဏီများ အနေဖြင့်လည်း ပြည်ပသို့ ဆန်တင်ပို့ရောင်းချခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဝါးခယ်မ ဆန်စပါး အထူးပြုကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။ စားနပ်ရိက္ခာ လုံခြုံရေး အခြေအနေအရ အရန်ဆန်ပမာဏကို ထုတ်ဖော်ပြောဆို မရသော်လည်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်အရ ဆန်တန်ချိန် ၂၀၀၀ (အိတ်တစ်သိန်း) ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ ရောင်းချပေးသွားမည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အရန်ဆန် လက်ကျန် ကုန်သွားပြီဟု သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ဆန် လက်ကားဈေးကွက်တွင် ဆန်ကြမ်းနွေရှယ် တစ်အိတ်လျှင် ၁၀ ရက်ခန့်အတွင်း ကျပ် ၁၅၀၀၊ ၂၀၀၀ အထိ မြင့်တက်လာကာ ဆန်ချောပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ် ၃၀၀၀၊ ၃၅၀၀ ခန့်မြင့်တက်လာကြောင်း၊ သြဂုတ် ၃၀ ရက်နေ့တွင် ဆန်းကြမ်းနွေရှယ် ၁၀၈ ပေါင်တစ်အိတ် ၁၆,၅၀၀၊ ၁၇,၀၀၀ ကျပ်ခန့်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်း အနိမ့်စတစ်အိတ် ၃၆,၀၀၀ ကျပ်၊ အမြင့်စတစ်အိတ် ၃၈,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း အနိမ့်စတစ်အိတ် ၂၉,၀၀၀ကျပ်၊ အမြင့်စတစ်အိတ် ၃၂,၀၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ပွဲရုံ ပိတောက်လမ်းရှိ ဆန်လက်ကား ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။ ရန်ကုန်ဆန် လက်လီဈေးကွက်တွင် ဆန်တစ်ပြည် ကျပ်တစ်ရာခန့် တက်ပြီး တစ်အိတ်လုံး ဆိုလျှင် ၂၀၀၀ ခန့်တက်ကြောင်း၊ လက်လီဈေးကွက်သည် လက်ကားဈေးကွက်သို့ ချက်ချင်းလိုက်ပါ မြင့်တက်၍ မရကြောင်း၊ လက်လီသမားအချို့ လက်ထဲတွင် ဆန်လက်ကျန် ရှိနေသေးကြောင်း၊ လက်လီသည် တစ်ပြည်ကို ကျပ် ၅၀၊ ၁၀၀ တဖြည်းဖြည်းတက်လျှင် ဆိုင်ပြောင်းဝယ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) စည်ပင်လမ်းမှ ဆန်လက်လီ ရောင်းချသူတစ်ဦးက ပြောကြားသည်။ မန္တလေးရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များကလည်း ၎င်းတို့ဒေသတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် မြင့်တက်နေသဖြင့် အရန်ဆန်ကို ၎င်းတို့ထံတွင်လည်း ရောင်းချပေးစေလိုကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်