From : ညီကျော်
ဒီအကြောင်း ရေးမယ် ရေးမယ်နဲ့ မောင်ရှင်လည်း ခတ်ကွင်းပြင်နေတာ အတော့်ကိုကြာသွားပါပြီ။ ရေးပြန်ရင်လည်း မောင်ရှင် ဖွတယ်လုပ်ဦးမယ်။ မရေးပြန်ရင်လည်း မောင်ရှင် ကတိမတည်ရာရောက်ဦးမယ်။ ဒါကြောင့် ပေးထားတဲ့ကတိ ရေးထားတဲ့စာအရ မောင်ရှင်သိသလောက် အကြောင်းအရာများကို သရော်စာသဘောမျိုးနဲ့ အတည်ရေးလိုက်ပါတယ်.
ရာဇ၀င်ကို ချွေးနဲ့ရေးရင်
ငန်ငြိငြိနေမှာပေါ့...
အပေါ်က စာသားက ငဘ ၀တ္ထုရေးခဲ့တဲ့ စာရေးဆရာကြီး မောင်ထင်ရဲ့ ဂန္တ၀င်စကားလေးပါ။ ကြိုက်သလားမမေးနဲ့ ကြိုက်မှကြိုက်။ ဒါနဲ့ မိန်းမလှကျွန်းရောက် မင်ရှောင်(ခ)မောင်ရှင်လည်း ဆရာကြီးမောင်ထင်စာသားကို သဘောကျလို့ ပြည်တော်ပြန်နဲ့ စည်း ၃ တန်အကြောင်း မရေးခင် ကာရန်တူလေးနဲ့ စဖွင့်ချင်ပါတယ်။
ပြန်တော်ပြန်သူအကြောင်းကို သိတာအကုန်ရေးရင်
ရန်ကြည့်ကြည့်ခံရမှာပေါ့(မောင်ရှင်)
ရန်ကြည့်ပဲကြည့်ကြည့် ဂျိုကြည့်ကြည့်ပဲကြည့်ကြည့်။ ကြည့်တာသူတို့အလုပ် သိတာရေးရမှာက မောင်ရှင်အလုပ်။ ဒီလိုရေးလို့ ဆဲမယ် ဆိုမယ်၊ သတ်မယ် ဖြတ်မယ် ပြောလည်း မောင်ရှင်ကတော့ သူ့အယ်ဒီတာမင်းလူဂွစာအတိုင်း ပြုံးပြုံး ပြုံးပြုံးပဲ။(မချိပြုံးတော့ မဟုတ်လောက်ဘူးထင်ပါတယ်)
ရေးမယ်ဆိုတော့ မောင်ရှင်လေးစားရတဲ့သူတစ်ဦး(KNU တွင် ဗိုလ်ချုပ်မြနှင့်အတူတွဲလုပ်ခဲ့သူ)က
``မောင်ရှင်ရေ..။ ရေးတော့ရေး။ တခုပဲ..။ ခွေးပိန်နဲ့ ကိုးတောင်ကျားတွေကိုတော့ ကွဲပြားပေါ်လွင်အောင်ရေး``တဲ့။
ဟုတ်ကဲ့ပါ။ ကြိုးစားပြီးတော့ ရေးပါမယ်အန်ကယ်။ တခုပဲ။ ခွေးပိန်လည်း တိရိစ္ဆာန်ပါအန်ကယ်။ ကိုးတောင်ကျားလည်း တိရိစ္ဆာန်ပါ။ ထိုနည်းအတူ မိမိကိုယ်ကိုယ် ခြင်္သေ့ကွ..။ ကျားသစ်ကွ၊ ပညာရှိယုံကွ၊ မခုတ်တတ်တဲ့ကြောင်ကွလို့ ကြွေးကြော်နေသူများလည်း….အန်ကယ်ရေ-မောင်ရှင်ဒီလောက်နဲ့ပဲ ဖြတ်လိုက်ပါဦးမယ်။
ကွက်စိပ်မောင်ရှင်၊ မောင်ရှင်ကွက်စိပ်ဆိုတဲ့အတိုင်း ပျိုးတာများနေတော့ လိုရင်းမရောက်ဘူးဖြစ်နေတယ်။ သို့ပေမယ့် တခုပဲ။ ခုလိုမျိုး ဖဘ မှာရေးတော့မယ်ဆိုရင် သိုင်းဝတ္ထုတွေလိုမျိုး အခန်းဆက်ရေး။ ဒါဆိုသေချာတယ်။ ပေါက်မယ်တဲ့။
ဘာပေါက်မှာလဲတော့မသိဝူး။ မောင်ရှင်ကတော့ ခေါင်းမပေါက်အောင် အပြင်သွားတိုင်း မောင်ရှင့်အယ်ဒီတာမင်းသုံးတဲ့ သံခမောက်ရယ်၊ သံချပ်ကာအင်္ကျီရယ်တော့ လုံလုံခြုံခြုံဝတ်ပြီး သွားသတိ လာသတိ စားသတိနဲ့ အမှားမရှိအောင်တော့ သတိထားလျက်ပါဗျာ။
သို့ပေမယ့် ။ အရေးကြုံလို့ ပြေးမယ်ဆိုရင် လေးနေမှာဆိုးလို့ သံချပ်ကာဖိနိပ်မ၀တ်ထားတော့ မောင်ရှင့်ခြေဖနောင့်ကို ဓါးနဲ့ရော တုတ်နဲ့ပါ အထိုးမခံရအောင် ကိုယ့်ခြေထောက်ကိုယ်ကြည့်ပြီး အမြဲဂရုစိုက်နေရတယ်။ ကဲပါ- လိုရင်းကိုရေးရမယ်ဆိုရင်ဖြင့်
ခုတလော မောင်ရှင်တို့ မြန်မာတွေအသုံးများတဲ့ ဖဘ လောကမှာ ပြန်တော်ပြန်တဲ့သူတွေအကြောင်း ရေးကြ ပြောကြ ဝေဖန်ကြ ငြင်းခုံကြ(ဆဲသံ ဆိုသံလေးတောင်ပါသေး)တဲ့အသံတွေ အတော့်ကိုပွတ်လောရိုက်နေကြတာအမှန်။ အထူးသဖြင့် ပြည်ပရောက် ၈၈ ကျောင်းသားဂေါင်းဇောင်ဆိုသူတွေနဲ့ ကျောင်းသားတပ်မတော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတွေ ပြန်တဲ့ကိစ္စမှာ အတော့်ကို အသံကျယ်ပါတယ်။
ကျယ်မယ်ဆိုလည်း ကျယ်လောက်ပါပေတယ်။ ကျယ်လောက်တဲ့ ငန်ငြိငြိ အဲလေ ရာဇ၀င်လေးတွေ ရှိခဲ့ကြတာကိုးဗျ၊ နော်။ ဒီလို ရာဇ၀င်ရှိတဲ့ သူတွေကို ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေကလည်း လက်သံပြောင်ပြောင်နဲ့ကို ကြိုဆိုခဲ့ကြတာလဲ ဖတ်ရ ကြားရမှာပါ။ ထို့နည်းအတူ သဘောပါတဲ့ ပြည်သူလူထုကလည်း ရေပက် အဲလေ သပြေခက်တောင် မကမ်းသလို နိုင်ငံရေးအဖွဲ့အစည်း၊ ၈၈ အုပ်စုကလည်း သတိထားပြီး ဆက်ဆံတာကိုတွေ့ရမှာပါ။
ထားမယ်ဆိုလည်း ထားရမယ့်အရေးလေ။ ဘာကြောင့်လည်းဆိုတော့ မောင်ရှင်တို့ သေ မေ ထ ဂျီးအုပ်စုက ၈၈ ကို ၈၈ နဲ့ပြန်ရိုက်နေတယ်ဆိုတာ နိုင်ငံရေးအကင်းပါးသူတိုင်း သဘောပါမှာပါ။ ဒါကြောင့် အထဲစည်း(ပြန်တွင်း)က ပြည်တော်ပြန်လာသူ(အပြင်စည်း) ကယ်တင်ရှင်အုပ်စုကို စည်း ၃ တန် ပြတ်ပြတ်သားသားတားလိုက်တယ်လို့ မောင်ရှင်မြင်ပါတယ်။
ဘာစည်း ၃ တန် လည်းဆိုတာ မရေးခင် ပြည်တော်ပြန်ကယ်တင်ရှင်များအကြောင်းကို မောင်ရှင်သိသလောက်ရေးချင်ပါတယ်။ ပြန်တော်ပြန်များအကြောင်း တစေ့တစောင်းပေါ့ဗျာ..။
(က)စင်ရှာသူငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့
ပြည်ပမှာ စင်ပျောက်နေတာ အတော်ကြာပြီဖြစ်တဲ့ မောင်ရှင်တို့ရဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ ၈၈ ဖြစ်အောင် ဖန်တီးကိုင်လှုပ်ခဲ့သူလည်းဖြစ်၊ လူစိတ်ဝင်စားအောင် စကားလုံးအသစ်အဆန်းတွေ တည်ထွင်တတ်သူလည်းဖြစ်..
(ဘယ်လောက်တောင်တည်ထွင်သလဲဆိုရင် လောကနီတိ ဆိုတာ လူ့စိတ်ဓါတ်ကို အညွန့်ချိုးစေတဲ့စာသားတွေ။ ဒီလောကနီတိကြောင့် မြန်မာပြည်သူတွေဟာ စစ်အုပ်စုအောက်မှာ ပြားပြားဝပ်နေရတာ။ လောကနီတိ မကောင်းဘူး။ ဒါကြောင့် ငါ့ရေးထားတဲ့ မိုးသီးဇွန်နီတိ(နာခံမှုကိုစမ်းစစ်ခြင်း)ကို အားလုံးဝယ်ဖတ်။ ဒါဖတ်ပြီး ငါညွန်ကြားသလို လုပ်မယ်ဆိုရင် မြန်မာပြည်တိုးတက်မှာအမှန်တဲ့။ အဲဒီလို ကြံဖန်ပြီး လူစိတ်ဝင်စားအောင်ထွင်တာ။
စာအုပ်နာမည်ကိုတောင် ဆလိမ်နဲ့ မဆန်းပဲ စလုံးနဲ့စမ်းတာ။ အမြင်မတော်လို့ မြန်မာစာပေပညာကျော်တွေက စလုံးနဲ့စမ်းတယ်ဆိုတာ စမ်းသပ်တာ။ အရာဝတ္ထု တခုခုကို လက်နဲ့စမ်းတာ။ ဥပမာ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်က ဆင်ကြီးကို စမ်းတယ်။ ဒါမျိုးသုံးတာလို့ အကျိုးသင့် အကြောင်းသင့်ရှင်းပြတာတောင် မောင်ရှင်တို့ရဲ့ ခြောင်းဒါးဂေါင်းဇောင်ကြီးက ကျုပ်ဘာသာကျုပ် ဘာနဲ့ပဲစမ်းစမ်းဗျာ။ စာအုပ်ထွက်ဖို့အရေးကြီးတယ်။ ကျုပ်ရေးထားတဲ့အတိုင်း ခင်ဗျားတို့လိုက်နာဖို့ပဲလိုတယ်။ ဒါဆို ကျုပ်တို့လူမျိုးတွေ အညွန့်တလူလူတက်ပြီး ခေတ်သစ်ရောက်မှာတဲ့။ ဘယ်ခေတ်သစ်လဲတော့ မသိဘူး။ မောင်ရှင်သိတာကတော့ သူရေးထားတဲ့အတိုင်းသာ လိုက်လုပ်ရင်-
သေချာတာကတော့ ငရဲဘုံကို ဗီဇာမယူပဲ ရောက်မှာ။
ဒီအကြောင်း သံဃာဥသျှောင်မှာ အတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ မောင်ရှင့်ဆရာတော်က လောကနီတိကိုလေ့လာခြင်းဆိုပြီး ကျောင်းသားခေါင်းဆောင်ကြီး မိုးသီးဇွန်ဖတ်ဖို့ ပြန်ရေးပေးထားတယ်။ နောက်မှ ဖော်ပြပေးပါမယ်။
၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နှလုံးရောဂါနဲ့ ခန္ဓာဝန်ချတော်မူတဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒါ ဘိဝံသ(န၀တကို `ပတ္တနိက္ကုဇ္ဇန`ကံဆောင်မှုတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ထောင်နှစ်ချည်ချခံသည့် ရဟန်း ရှင် လူ ပြည်သူအပေါင်းလေးစားကြည်ညိုသည့် မထေမြတ်ကြီး)က မိုးသီးဇွန်ဆိုတာ အပယ်လားမှာသေချာတယ်တဲ့။ အဲဒီလိုမှတ်ချက်ပေးခံရသူ။
ဆရာတော်အရှင်သူမြတ် မပျံလွန်ခင်အချိန်အတွင်းမှာတော့ သွားရောက်ဖူးမျှော်ကန်တော့တယ်လို့ ကြားသိလိုက်ရပါသေးတယ်။ )
ဤကဲ့သို့သော ဂုဏ်သတင်းများနဲ့ မွှေးပျံကြိုင်လှိုင်သူ စင်ရှာသူမောင်ရှင်တို့ရဲ့ ဂေါင်းဇောင်ကြီးက မင်္ဂလာဒုံလေဆိပ်စရောက်ကတည်းက လာကြိုတဲ့ကားကို စင်ထင်ပြီး ခေါင်မိုးပေါ်အတင်းတက်လို့ ကွေးနေအောင် ကပြတော့တာပါပဲ။
ဒါတောင် သားရေ- ဘုရားဖူးတွေလာနေပြီ။ လုပ်ပါဦးရှေ့ဂျွမ်းလေးလို့သာ ဖင်ကလေးပုပ်ပြီး မြှောက်ပေးလို့ကတော့- အံမယ်မင်း.. ပြုံးပြုံး ပြုံးပြုံးနဲ့ ၃ သုံးလီ ၉ ဆိုပြီး တကုံးကုံးနဲ့ ကိုးခါတိတိ --ဖြဲပြမှာမြင်ယောင်သေး။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်