Subscribe to our RSS Feed

ဆားတန်ချိန် တစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

From : News Watch


 မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆားများကို ပြည်ပနိုင်ငံများမှ ဝယ်ယူလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လက်များက ဆားတန်ချိန် တစ်သောင်းခန့် ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံထွက် ဆားများ ဝယ်ယူရာတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် နေလှန်းဆားများကို ဝယ်ယူရန် ကမ်းလှမ်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဆားများကို စစ်တွေ မင်းဂံဆိပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၉၉၈ ခုနှစ်မှ စတင်၍ ဆားတင်ပို့ခဲ့ရာတွင် ၂၀၀၄ ခုနှစ်ကုန်ပိုင်းတွင် စားဖိုချောင်သုံး ပစ္စည်းတင်ပို့မှု ရပ်ဆိုင်းခဲ့သည့် မူအရ ဆားပြည်ပတင်ပို့မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်တင်ပို့ရန် စီစဉ်လာခြင်း ဖြစ်ပါသည်။ ဝယ်ယူရန် မှာယူထားသည့် ဆားများအနက် တန်ချိန် ၃၀၀၀ ကို ယခုလအတွင်း တင်ပို့မည်ဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ ဆားတင်ပို့နိုင်ရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲများတွင် မြန်မာ့နေလှန်းဆား ပြန်လည်ဝယ်ယူနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများအရ ဆားများ ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်မှ ကမ်းလှမ်းလာခြင်း ဖြစ်ပါသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့များတွင် နေလှန်းဆားများ ထုတ်လုပ်လျက်ရှိကြောင်းသိရှိရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်