Subscribe to our RSS Feed

ဟိုတယ်အခန်းရရှိရန် လေဆိပ်၌ ဝန်ဆောင်ပေး

From : ခေတ်လူငယ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ သတင်းအချက်အလက် ကောင်တာ (Information Counter) တွင် ယခုလ ၁ ရက်နေ့မှ စတင်ကာ ကမ္ဘာလှည့် ခရီးသည်များအတွက် ဟိုတယ်အခန်း ရရှိစေရေး တိုက်ရိုက် ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်ဟု ကောင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လေဆိပ်ရဲ့ ဆိုက်ရောက် Arrival ရဲ့ သတင်းအချက်အလက် ကောင်တာမှာ ဝန်ဆောင်မှု ပေးနေပါပြီ။ ရန်ကုန်မှာ ဟိုတယ်ခန်းတွေကို ဘွတ်ကင် ကြိုမလုပ်ထားရသေးတဲ့ သူတွေအတွက် ဟိုတယ်အခန်း အဆင်ပြေအောင် ဒီကောင်တာကနေ ဘွတ်ကင် လုပ်ပေးတာပါ။ ခရီးသည်တွေ လိုချင်တဲ့ ဈေးနှုန်းနဲ့ အဆင်ပြေမယ့် ဟိုတယ်တွေကို အခန်းရဖို့ လုပ်ပေးတယ်။ ဟိုတယ်တွေကို ဆက်သွယ်ရတာတော့ အဆင်ပြေပါတယ်။ တချို့ဟိုတယ်တွေကလည်း အခန်းပြည့်နေပြီလို့ ပြောတာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေအောင်၊ အခန်းရအောင် ဘွတ်ကင် တင်ပေးပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ထိုသို့ ဝန်ဆောင်မှု စတင်သည့်နေ့မှ စတင်ပြီး လာရောက် စုံစမ်းသူများထဲမှာ အများစုမှာ တစ်ကိုယ်ရေ ခရီးသွား (အက်ဖ်အိုင်တီ) များဖြစ်သည်။ “အခုရာသီက ခရီးသွားနည်းတဲ့ရာသီ ဖြစ်တဲ့အပြင် စီးပွားရေး လုပ်ငန်းရှင်တွေ အများစုလာတာ များတယ်။ သူတို့တွေကတော့ ဟိုတယ်ဘွတ်ကင် လုပ်ပြီးသား ဆိုတော့ သိပ်မမေးကြပါဘူး။ အက်ဖ်အိုင်တီတွေက မေးတာပိုများတယ်” ဟု ၎င်းကဆိုသည်။ ရန်ကုန်၌ တည်းခိုနိုင်မည့် ဘွတ်ကင် ဝန်ဆောင်မှုသာမက မန္တလေး၊ ပုဂံ စသည့် ခရီးသွား လည်ပတ်မှု အများဆုံး ဒေသများအတွက် ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှုများကိုလည်း အလျဉ်းသင့်သလို ဆောင်ရွက်ပေးနေသည် ဟု ၎င်းကထပ်လောင်း ပြောသည်။ ကြယ်သုံးပွင့်အဆင့် ပန်ဒါဟိုတယ်မှ အထွေထွေမန်နေဂျာ ဒေါက်တာ နေဇော်အောင်ကလည်း နောက်ဆုံးရနိုင်သော ဟိုတယ်အခန်းခများကို သတင်းအချက်အလက် ကောင်တာသို့ ပေးပို့ကြောင်းနှင့် အခန်းဘွတ်ကင် တင်သည့်အခါတွင်လည်း အခန်းရှိပါက လက်ခံ ဆောင်ရွက်ပေးကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်