Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည် မဟုတ်

From : သာနောင်


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်ဒုတိယသမ္မတ Xi Jinping နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ရိုက်တာနှင့် ဆင်ဟွာသတင်းတို့တွင် ဖော်ပြထားချက်အရ သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အကူးအပြောင်း ကာလအတွင်း ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရေးကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၏ တရုတ် ပေါ်လစီသည် မပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှမေ့မည် မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ထောက်ခံကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦးမှု ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသည်။ ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင် ပြုလုပ်လာကြသည်။ ထိုသို့ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်လာစေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြသည်။ သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(နန်နင်း)နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ပြီး နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ပထမအကြိမ်ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။ ယခု ခရီးစဉ်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း   သိရှိရသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်