Subscribe to our RSS Feed

စာမဖတ်သူ ပပျောက်ရေး ရပ်နားစာကြည့်တိုက်များ ပြန်လည်အသက်သွင်း

From :ခေတ်လူငယ်


စာမဖတ်သူများ ပပျောက်စေရန်အတွက် စာကြည့်တိုက်သစ်များ ဖွင့်ခြင်းနှင့် ရပ်နားထားသော စာကြည့်တိုက်များ ပြန်လည်အသက်သွင်းခြင်း လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း စာမဖတ်သူ ပပျောက်ရေး လှုပ်ရှားသူများထံမှ သိရသည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီခေတ်က စာမတတ်သူ ပပျောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသဖြင့် လူတော်တော်များများ စာတတ်သွားကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာမဖတ်ဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသား အများစုသည် စာတတ်သော်လည်း စာမဖတ်သူ များသောကြောင့် တိုင်းပြည်တွင် ပညာ၏ အခန်းကဏ္ဍသည် နိမ့်ကျသွားသည့် သဘောရှိကြောင်း စာမဖတ်သူပပျောက်ရေး လှုပ်ရှားသူများမှ စာရေးဆရာ ထက်ကျော်က ပြောသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့နိုင်ငံ၏ ရှေ့ဆက်ရမည့် လမ်းခရီးတွင် တွေးခေါ်မြော်မြင်တတ်သော ဦးနှောက် ဥာဏ်ပညာကို ပိုင်ဆိုင်ကြသူများ လိုအပ်ကြောင်း၊ ထိုသို့ ဖြစ်လာရန်အတွက် စာမဖတ်သူ ပပျောက်ရေး လှုပ်ရှားမှုများကို စိတ်တူကိုယ်တူ၊ ခံယူချက်တူသူများ စုပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ စာမဖတ်သူပပျောက်ရေး လှုပ်ရှားသူများအနေဖြင့် မုံရွာ၊ သရက်၊ အောင်လံ၊ ဇလွန်၊ ဟင်္သာတ စသဖြင့် မြို့နယ်များအတွင်းရှိ စာကြည့်တိုက်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ စာဖတ်ရှိန် မြှင့်တင်ရေး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နေသော စာကြည့်တိုက်များ ဖြစ်သည့် သရက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ဖွင့်လှစ်ခဲ့သော စာကြည့်တိုက်နှင့် ဘုတလင်မြို့တွင် ဆရာကြီး သိန်းဖေမြင့်၊ ရုပ်ရှင်မင်းသားကြီး ထွန်းဝေတို့က ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံတွင် ဖွင့်လှစ်ခဲ့သော စာကြည့်တိုက်များကိုလည်း အသက်သွင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစာကြည့်တိုက်များအတွက်လည်း တစ်နှစ်တစ်ကြိမ် စာအုပ်များ လှူဒါန်းပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်