Subscribe to our RSS Feed

မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပြီ


From : မြန်မာတိုင်းမ်

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသား ဧည့်သည်များနှင့် ပြည်တွင်းဘုရားဖူး ပြည်သူများသည် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့က ပြောကြား သည်။ အဆိုပါ အခမဲ့ အင်တာနက်စနစ်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များက လာရောက်လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးစိုးက ပြောသည်။ အင်တာနက်စနစ်ကို အသုံးပြုရာတွင် ကတ်စနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး လတ်တလော တွင် အင်တာနက် အသုံးပြုနိုင်မည့် ကတ်အရေအတွက်အရ နိုင်ငံခြားသားဧည့်သည်များအတွက် ပထမအဆင့် အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ကတ်လျှင် မိနစ် ၃၀ အသုံးပြုနိုင်မည်ဖြစ်ကာ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ “ကတ်မှာပါတဲ့ နံပါတ်တွေကို မိမိရဲ့ဖုန်းမှာ ရိုက်ထည့်ပြီးတော့ သုံးရမှာပါ။ အသုံးပြုလိုတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ကတ်တွေကို ဂေါပကရုံးခန်းမှာ လာရောက်ထုတ်ယူဖို့ ကြေညာသွားပါမယ်။ နောက်ပြီးတော့ ဘုရားဇောင်းတန်း လေးခုမှာ စာတန်းချိတ်ပြီး ကြေညာ မယ်၊ ပြည်ပဧည့်သည်တွေကို ဦးစားပေးမည်ဆိုပေမယ့် ပြည်တွင်းဘုရားဖူးတွေ လိုအပ်လာပြီဆိုရင်လည်း ဆောင် ရွက်ပေးသွားမှာပါ” ဟု ၄င်းက ပြောသည်။ မြန်မာနိုင်ငံအတွင်းရှိ public area များတွင် အင်တာနက် အသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံခြားသား ဧည့်သည်များအတွက် ဆက်သွယ်မှု ပိုမိုလွယ်ကူသွားစေနိုင်ပြီး လာမည့် ၂၀၁၃ ဆီးဂိမ်းအတွက်လည်း ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း အင်တာနက်လှူဒါန်းရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် vakokonlinegame မှ တာဝန်ရှိသူ ကိုထက်နိုင်က ပြောသည်။ တပ်ဆင်လှူဒါန်းထားသည့် အင်တာနက် နည်းစနစ်မှာ Myanmar wifi Hotspot နည်းပညာဖြင့် တပ်ဆင်ပေးထားခြင်းဖြစ်ပြီး အမြန်ဆုံးနှင့် အလွယ်ဆုံး အသုံးပြုနိုင်မည်ဖြစ်ကာ ကုတ်နံပါတ် ပါဝင်သည့် အင်တာနက် အသုံးပြုနိုင်သည့် ကတ်များကို ဝိုင်ဖိုင် လှူဒါန်းထားသော နေရာတိုင်း၌ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အင်တာနက်လှူဒါန်းသူ တစ်ဦးဖြစ်သည့် Crystal Shine Company မှ တာဝန်ရှိသူ ကိုသန်းညီထွေးက ပြောသည်။ ရွှေတိဂုံစေတီတော်မှာ အခမဲ့ ဖြန့်ပေးထားတဲ့ ကတ်တွေကို မန္တလေး မဟာမုနိဘုရားရောက်လို့ အင်တာနက် အသုံးပြုချင်တယ်ဆိုရင်လည်း သုံးလို့ရသလို မန္တလေးကကတ်ကိုလည်း ရန်ကုန်ရောက်ရင် သုံးနိုင်ပါတယ်” ဟု ၄င်းက ပြောပြခဲ့ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်