Subscribe to our RSS Feed

မုဒိမ်းသမားများကို ဆေးထိုးပြီး သင်းကွပ်ရန်အဆိုတင်

From : မောက္ခ

အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီက မုဒိမ်းသမားများကို ဓာတုဆေးထိုးကာ သင်းကွပ်ရန်အတွက် အဆိုတင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ လက်ရှိ ပြဋ္ဌာန်းထားသော မုဒိမ်းမှုဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး အငြင်းပွား ဖွယ်ရာ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်နေသဖြင့် ဆေးထိုးပြီး သင်းကွပ်ခြင်းဖြင့် အပြစ်ပေးနိုင်ရေးကို စဉ်းစား နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အသက် ၂၃ နှစ်အရွယ်ဆေးကျောင်းသူ
လေးကို ဘတ်စ်ကားပေါ်တွင် ရိုက်နှက် မုဒိမ်းကျင့်ကာ ကားပေါ်မှ ပစ်ချထားခဲ့မှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံတွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ သေးကြောင်း သိရသည်။ အမျိုးသမီးတို့ဘ၀ လုံခြုံစိတ်ချရမှုမရှိခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယအစိုးရအနေဖြင့်
ခေါင်းခဲစရာ ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်နေခဲ့ရသည်။

ကွန်ဂရက်ပါတီ ခေါင်းဆောင်တစ်ဦးမှ မုဒိမ်းသမားများကို ဆေးထိုး
သင်းကွပ်ရန် ဥပဒေမူကြမ်းအား လွှတ်တော် သို့တင်သွင်းနိုင်ရန်
ပြင်ဆင်နေကြောင်း၊ ထောင်ဒဏ်အနေဖြင့်လည်း အနည်းဆုံး နှစ် ၃၀ ခန့်ချမှတ်ရန် အရေး ဆိုသွားမည်ဖြစ်ကြောင်း၊ လာမည့် အထူးကော်မတီအဖွဲ့ဆွေးနွေးရာတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှုကို ၁၄ နှစ်ခန့်သာ ပြစ်ဒဏ်ပေးပြီး၊ ရက်မစေ့မီ လွှတ်ပေးလေ့ရှိကြောင်း၊ ထို့ကြောင့် ထိုအမှုအတွက် ထောင်ဒဏ်ကို နှစ် ၃၀ အထိ ပြင်ဆင်သတ်မှတ်ရန် အဆိုတင်သွင်းသွားမည်ဟု ပါတီခေါင်း
ဆောင်မှ ပြောကြားခဲ့သည်။ သူက ဓာတုဆေးထိုးပြီး သင်းကွပ်ပစ်သည့်
နည်းသာလျှင် အကောင်းဆုံးဖြစ်မည် ယူဆသဖြင့် ထိုအဆိုကို အလေးပေးတင်သွင်းသွားမည်ဟုဆိုသည်။

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား၊ ဖလော်ရီဒါနှင့် လူဝီစီယားနား
ပြည်နယ်များတွင် ကလေးသူငယ် များကို မုဒိမ်းကျင့်သူများအား ထိုသို့
ဆေးထိုးသင်းကွပ်သည့် အလေ့အထရှိကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပိုလန် နိုင်ငံ၌လည်း ထိုသို့ကလေးများကို မုဒိမ်းကျင့်သူများကို
ဆေးထိုးသင်းကွပ်ရန် ဥပဒေပြဋ္ဌာန်းခဲ့ကြောင်းသိရ သည်။

ဆန္ဒပြသူများကမူ မုဒိမ်းသမား ၆ ဦးကို သေဒဏ်အပြစ်ပေးရန်အတွက်သာ
တောင်းဆိုနေခဲ့ကြသည်။ အိန္ဒိယနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်ကတည်းက
သေဒဏ်ချမှတ်သည့် ပြစ်မှုများမရှိတော့ဘဲ ၁၉၄၇ ခုနှစ်မှ ယနေ့အထိ သေဒဏ်အပြစ်ပေးခံရသူများမှာ လူ ၅၀ သာရှိခဲ့သည်။

www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်