From :
..သမ္မတရုံး
..
www.MyanmarExpress.net
နေပြည်တော် မေ ၂၁
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်
အဖွဲ့ဝင်များနှင့်အတူ မေ(၂၁)ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ
ကုလသမဂ္ဂအဖွဲ့ရုံး၌ ကျင်းပသည့် (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့
(ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ကြည်ညိုသည်။
ဒုတိယသမ္မတနှင့် အဖွဲ့သည် နံနက် (၈) နာရီ မိနစ် (၄ဝ)
တွင် အခမ်းအနား ကျင်းပသည့် နေရာသို့ ရောက်ရှိပြီး အရေးကြီးပုဂ္ဂိုလ်
နားနေဆောင်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ကောင်စီဥက္ကဋ္ဌ ဆရာတော် Somdet Phra
အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနားကို
တက်ရောက်ရာ အဆိုပါ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ ကောင်စီဥက္ကဋ္ဌ
ဆရာတော်၊ ထိုင်းနိုင်ငံ ချူလာ လောင်ကွန် တက္ကသိုလ်မှ ပါမောက္ခချုပ်
ဆရာတော်နှင့် ဗုဒ္ဓဘာသာဝင် ဆရာတော်၊ သံဃာတော်များ၊ ထိုင်းနိုင်ငံ
ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး၊ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသော
နိုင်ငံများမှ ဝန်ကြီးများ၊ စာတမ်းဖတ်ကြားကြမည့် ရဟန်း၊ သီလရှင်နှင့်
လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မဟာချူလာလောင်ကွန်တက္ကသိုလ်မှ ပါမောက္ခချုပ်
ဆရာတော် Dr. Phra Brahmapundit က ယခုနှစ် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏
ဆောင်ပုဒ်ဖြစ်သော Education and Global Citizenship; A Buddhist
Perspective နှင့်ပတ်သက်၍ တင်ပြ လျှောက်ထားပြီး အပြည်ပြည်ဆိုင်ရာ
ဗုဒ္ဓနေ့ကောင်စီ ဥက္ကဋ္ဌ ဆရာတော် Somdet Phra သြဝါဒစကား မြွက်ကြားသည်။
ယင်းနောက် မဟာချူလာလောင်ကွန် တက္ကသိုလ်မှ
ပါမောက္ခချုပ် ဆရာတော် Dr. Phra Brahmapundit က အခမ်းအနားနှင့် စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
ပညာရေးဝန်ကြီး Mr. Pongthep Thepkanchana က မိန့်ခွန်းပြောကြားကာ
ကမ္ဘာ့ခေါင်းဆောင်များ၏ သဝဏ်လွှာ များကို ဖတ်ကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် မြန်မာနိုင်ငံမှ အဆိုပါ
အခမ်းအနားသို့ တက်ရောက် လာသော သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဘဒ္ဒန္တ
ဥာဏိသရနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား
လိုက်လံကြည်ညိုပြီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ကြည်ညိုသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး၊
ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ဖြစ်သူ HRH Princess Srirasm က
တက်ရောက် မိန့်ခွန်းပြောကြားကာ အခမ်းအနား အစီအစဉ်များအတိုင်း
ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို မေ (၂၂) ရက်အထိ
ကျင်းပမည်ဖြစ်သည်။ ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ၂ဝဝ၄ ခုနှစ်မှ
စတင်ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးတင်ဝင်း၏ နေအိမ်၌ သံရုံး ဝန်ထမ်းမိသားစုများအား
တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး သံအမတ်ကြီး မိသားစုက
တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်