Subscribe to our RSS Feed

မောင်တောတွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အရေးပေါ်စည်းဝေး

From : .dvb

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မုန်တိုင်းအန္တရာယ် ကြုံတွေ့နိုင်တဲ့ ဒေသခံတွေ ရွှေ့ပြောင်းရေး အရေးပေါ်အစည်းအဝေးတခု ဒီနေ့မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

မောင်တောမြို့က မြစ်နားနီးတဲ့ ကျေးရွာတချို့နေ ပြည်သူတွေကို ပြောင်းရွှေ့ထားနိုင်ဖို့ စည်းဝေးခဲ့ကြတာလို့ မြို့ခံကုန်သည်အသင်းချုပ်က ဦးလှမြင့်က ပြောပါတယ်။

“ဒေသအာဏာပိုင်တွေက မနက် ၉ နာရီလောက်က အစည်းအဝေးလုပ်ပါတယ်။ အန္တရာယ်ရှိတဲ့နေရာနားက လူတွေကို ရွှေ့ပြောင်းဖို့ပေါ့။ မြစ်နဲ့နီးတဲ့နေရာတွေပေါ့။ ရခိုင်ရွာဆိုရင် အောင်ဗလ ရွာ ၂ ရွာလောက်ရှိပါတယ်။”

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားပုံကို ပြည်နယ် ပြန်ကြားရေးက ဦးဝင်းမြိုင်က

“ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဦးစီးဌာနက လက်ကမ်းစာစောင်ဝေထားတာ၊ ပိုစတာ ကပ်ထားတာ ရှိတယ်။ စကိုင်းနက်က နာရီဝက်တကြိမ်လွှင့်ပေးနေတဲ့အတွက် အဲအရပ်မှာရှိသူတွေ ဘာလုပ်ရမယ်၊ ဘယ်နေရာတွေ သွားရမယ်ဆိုတာ သိနေကြပါတယ်။ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသဘောင်္တွေကိုလည်း မထွက်ဖို့နဲ့ အဲမှာရှိတဲ့ လှေတွေ ပုန်းခိုရမယ့်နေရာတွေကို ပို့ထားဖို့ ကြေညာချက်ထုတ်ထားပါတယ်။ ဗဟိုအစိုးရကလည်း ကျနော်တို့ လိုအပ်တာတွေအကုန် ပံ့ပိုးပေးပါတယ်။ အခုလည်း ဘယ်နေရာမှာ ဘယ်လိုဖြစ်မယ် မသိသေးတော့ ဖြစ်လာရင် သွားရမယ့်နေရာတွေ အကုန်လုံး ပြင်ဆင်ထားပါတယ်” လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ အရင်ခန့်မှန်းထားသလို မေ ၁၆ ရက် မနက်ပိုင်းမှာ မ၀င်ဘဲ မေ ၁၆ ရက် ညနေပိုင်းလောက်မှ ၀င်နိုင်မယ်။ မုန်းတိုင်းပြင်းအား နည်းနည်းလျော့လာနေတယ်လို့ မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“မုန်တိုင်းက အားတော်တော်လျော့သွားတယ်၊ အိန္ဒိယကမ်းခြေဘက်ကိုလည်း တော်တော်ဖြတ်သွားတယ်။ မြန်မာပြည်ဘက်ကဆိုရင် ကိုကိုးကျွန်းရဲ့ အနောက်တောင်ဘက် မိုင် ၄၅၀၊ ပုသိမ်ကနေဆိုရင် မိုင် ၆၀၀။ လက်ရှိရွေ့နေတာ အနောက်မြောက်ဘက်ဆိုတော့ အ၀ါရောင်အဆင့်ပါ။ သို့သော် ကျနော်တို့ခန့်မှန်းချက်၊ အိန္ဒိယ ပုံစံခန့်မှန်းချက်နဲ့ အမေရိကန် JTWC ခန့်မှန်းချက်တွေအရတော့ မေ ၁၄ ရက်လောက်မှာ အရှေ့မြောက်ကိုပြန်ကွေ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက် နည်းနည်းယိမ်းပြီး ခန့်မှန်းထားဆဲ။ သို့သော် အခုလို အားနည်းသွားတဲ့အတွက် အိန္ဒိယကမ်းခြေနားမှာပဲ ကမ်းကိုဖြတ်ပြီး မုန်တိုင်းပြန့်ထွက်သွားပြီး အကြွင်းအကျန်သာရောက်တာမျိုးလည်း ဖြစ်နိုင်တယ်။ မုန်တိုင်းရွေ့နေတဲ့ လမ်းကြောင်းလည်း ပြောင်းသွားနိုင်တယ်။ အဲအခြေအနေလည်း တွေ့ရတယ်။ သို့သော်လည်း အနောက်မြောက်ကို ရွေ့နိုင်တယ်ပဲ ထုတ်ထားတယ်။ ပြောင်းလဲမှုတွေရှိရင် အချိန်နဲ့တပြေးညီ အနည်းဆုံး ၄၈ နာရီ ကြိုသိနိုင်အောင် ထုတ်ပြန်သွားမယ်။”

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခုအဖြစ် မေ ၁၁ ရက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး၊ ဒီနှစ်ထဲ ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။
.


. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်